ညောင်ဦး ဩဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းဆောင်ရွက်နေသောလုပ်ငန်းမှ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းလုပ်ငန်းများ စီမံခန့်ခွဲခြင်းလုပ်ငန်း ဆွေးနွေးညှိနှိုင်းဟောပြောခြင်းလုပ်ငန်းများအား ဩဂုတ်လ ၁၆ ရက်နေ့ ညနေ ၅ နာရီအချိန်မှစတင်ပြီး ဩဂုတ် ၁၈ ရက်နေ့ထိ ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့နှင့်ဌာနဆိုင်ရာများ ကွင်းဆင်းဟောပြောညှိနှိုင်းဆောင်ရွက်နေကြောင်း ညောင်ဦးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ခိုင်ထံက သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အမှိုက်ခွဲခြားကောက်ယူမည့်စမ်းသပ်ဒေတာများတွင် အမှိုက်အမျိုးအစားခွဲခြားမှုနှင့် ကနဦးအချက်အလက်များ စုဆောင်းခြင်းဆိုင်ရာလုပ်ငန်းများအား တာဝန်ခံဦးဆောင်မည့်သူများအတွက် သင်တန်းများပို့ချခဲ့ပြီးဖြစ်ကာ ယခုအခါ သက်ဆိုင်ရာဌာနများက ခွဲခြားကောက်ယူမည့် အမှိုက်အမျိုးအစားများခွဲခြားကာ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအား ဆွေးနွေးဟောပြောကြသည်။ ဩဂုတ်လ ၁၆ ရက်နေ့တွင် ညနေ ၅ နာရီတွင် တောင်ဘီကျေးရွာ၊ ဩဂုတ် ၁၇ ရက်နေ့ ညနေ ၅ နာရီတွင် မင်းနန်သူကျေးရွာ၊ ဩဂုတ် ၁၇ ရက်နေ့ နေ့ခင်း ၂ နာရီခွဲအချိန်တွင် သူဌေးကန်ကျေးရွာတို့၌ အမှိုက်ခွဲခြားစွန့်ပစ်ခြင်း စီမံခန့်ခွဲမှုလုပ်ငန်းများဖြစ်သည့်လုပ်ငန်းများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒေါ်ကြူကြူလွင် (လက်ထောက်ညွှန်ကြားရေးမှူး) က ကောက်ယူသည့် အမှိုက်အမျိုးအစားအလိုက်ခွဲခြားမှုစံများအားလည်းကောင်း၊ ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ဒေါ်စန်းစန်းဝေ (ဦးစီးအရာရှိ) မှ သစ်ရွက်အမှိုက်များအား သဘာဝမြေဩဇာပြုလုပ်အသုံးဝင်ပုံနှင့် ပုဂံ ပလတ်စတစ်ကမ်ပိန်းအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဆွေက သဘာဝမြေဩဇာထုတ်လုပ်ခြင်းနှင့် အန္တရာယ်ကင်းသောအစားအစာထုတ်လုပ်နိုင်ရေး၊ ပလတ်စတစ် စနစ်တကျစွန့်ပစ်နိုင်ရေး၊ အသိပညာပေးမျှဝေဆွေးနွေးဟောပြောခြင်းများအား Power Point (Projector) ဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်နှင့်အညီ ၃၀ ဦးထက်မပိုစေဘဲ ပုဂံရှေးဟောင်းယဉ်ကျေးမှု အမှိုက်ခွဲခြားစွန့်ပစ်ခြင်း၊ အမှိုက်လျော့နည်းပပျောက်ရေးပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုထိန်၊KPD