ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ( Community Centre ) ခန်းမ၌“တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ” စာအုပ် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ထားဝယ် သြဂုတ် ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာချစ်ဦးညို ရေးသားသည့်  “တိုးတက်ခြင်းဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ” စာအုပ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့မွန်းလွဲ ၁ နာရီ က လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဇာဇာထွန်းက စာဖတ်ဝိုင်းသည် စာဖတ်ရှိန်မြင့်မားပြီး စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိကာ အသိပညာဗဟုသုတများ အပြန်အလှန်ဖလှယ်ဆွေးနွေးနိုင်ရေး၊ စာပေချစ်မြတ်နိုးသူများ အချင်းချင်း ချစ်ခင်စည်းလုံးမှုပိုမိုရရှိစေရေး စသည့်ရည်ရွယ်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club)ဥက္ကဋ္ဌ ဦးတင့်လွင်က စာရေးဆရာချစ်ဦးညိုရေးသားသည့် “တိုးတက်ခြင်းဆုတ်ယုတ်ခြင်း နှင့် ယဉ်ကျေးမှု မျက်နှာစာ” စာအုပ်သည် အနှစ်သာရရှိသောစာအုပ်ဖြစ်ကြောင်းနှင့် ယခုတက်ရောက်လာသူများအနေဖြင့် လေ့လာဖတ်ရှုပြီးဝိုင်းဝန်း အကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ထိုနောက်  စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) နှင့် စာပေဝါသနာရှင်များတို့က “တိုးတက်ခြင်းဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ” စာအုပ်ထဲရှိ အကြောင်းအရာများကို ကဏ္ဍအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဒုတိယဦးစီးမှူး ဒေါ်မိုးဝါက စာဖတ်ဝိုင်းကို စိတ်ပါ၀င်စားစွာတက်ရောက်ဆွေးနွေးပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ယခုလိုစာဖတ်ဝိုင်းမျိုးကို ဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)