ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မိခင်ဝိုင်းများအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပစ္စည်း(၉)မျိုး ထောက်ပံ့ပေးအပ်

ပဲခူး    သြဂုတ် ၂၀ 

ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက်၊ သနပ်ပင်လမ်းမတန်းရှိ ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနရုံး တွင် ယနေ့နေ့လည် ၁၂ နာရီက တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားရှိသော မိခင်ဝိုင်း များအား ထောက်ပံ့ပစ္စည်း(၉)မျိုး ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက ထောက်ပံ့ပစ္စည်း များ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံး၊ ဒုတိယ ညွှန်ကြား ရေးမှူး ဒေါက်တာ‌နေခြည်သက်နိုင်နှင့် လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ဝါဝါဝင်းကျော်တို့က တိုင်းဒေသကြီးအတွင်းရှိ မိခင်ဝိုင်း (၄၃)ဝိုင်း တို့အတွက် မိခင်ဝိုင်း(၁) ဝိုင်းလျှင် ဒန်အိုး(၁)လုံး၊ ဒယ်အိုး(၁)လုံး၊ စတီးဇလုံ(၂၀)လုံး၊ စတီးခွက်(၂၀)ခု၊ စတီးဇွန်း(၂၀) ချောင်း၊ ခေါင်းအုံး(၂၀) လုံး၊ သင်ထောက်ကူပစ္စည်း(၄)မျိုး၊ ပေါင်ချိန်စက်(၁)ခု၊ အမှိုက်(၁)ခု စသည့်ထောက်ပံ့ ပစ္စည်း(၉)မျိုးတို့အား ထောက်ပံ့ပေးအပ်ကြသည်။

မိခင်ဝိုင်းသည် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် မူလတန်းကြိုကျောင်းများနှင့် ဝေးသောနေရာ၊ သွားလာရခက်ခဲသည့်နေရာများတွင်ရှိသည့် ရပ်ရွာအတွင်းမှ (၃)နှစ်မှ(၅)နှစ်အရွယ်ကလေးများ အာဟာရ ပြည့်ဝ စွာ စားတတ်လာစေရန်နှင့် ကလေး များ ဖွံ့ဖြိုးမှုရရှိစေရန် ရည်ရွယ်ပြီး ၂၀၁၈-၂၀၁၉ဘဏ္ဍာရေး နှစ်မှ စတင်၍ဖွင့်လှစ် ခဲ့ခြင်း ဖြစ် သည်။ အဆိုပါမိခင်ဝိုင်းတစ်ဝိုင်းလျှင် ကလေးငယ်(၂၀)ဦးရှိရမည်ဖြစ်ပြီး မိခင်ဝိုင်းအတွင် ပါဝင်သော ကလေး၏မိခင်တစ်ဦးက တာဝန်ခံ မိခင်ဝိုင်း ခေါင်ဆောင်အဖြစ် တာဝန်ယူရမည် ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားရှိသော မိခင်ဝိုင်းများမှာ ပဲခူးခရိုင်ရှိ ပဲခူးမြို့၌(၄)ဝိုင်း၊ ကျောက်တံခါးမြို့၌(၉)ဝိုင်း၊ သနပ်ပင် မြို့၌ (၅)ဝိုင်း၊ တောင်ငူခရိုင်ရှိ ရေတာရှည်မြို့တွင်(၅)ဝိုင်း၊ ပြည်ခရိုင်ရှိ ပြည်မြို့တွင်(၈)ဝိုင်း၊ သာယာဝတီခရိုင်ရှိ ကြို့ပင်ကောက်မြို့တွင်(၄)ဝိုင်း၊ ဇီးကုန်းမြို့ တွင်(၄)ဝိုင်း၊ အုတ်ဖိုမြို့တွင်(၄)ဝိုင်း၊ စုစုပေါင်း ပဲခူးတိုင်းဒေသကြီးအတွင်း မိခင်ဝိုင်း(၄၃)ဝိုင်း ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)