ကွမ်းလုံ သြဂုတ် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၁၆-၈-၂၀၂၀ ရက်နေ့မှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သြဂုတ် ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ခိုလုံရပ်ကွက်၊ မြို့မရဲစခန်းအနီး ပြည်ထောင်စု လမ်းမကြီး၌ ကမ်းပါးပြို၍ သစ်ပင်ကြီးလဲရာမှ လမ်းဘေးရှိ လျှပ်စစ်မီးတိုင်များနှင့် နေအိမ်အချို့ ထိခိုက်ပျက် စီးခဲ့ပြီး ၎င်းမြေပြိုသည့်နေရာနှင့် တစ်ဆက်တည်းရှိသည့် မြို့နယ်လဝကဦးစီးဌာန ဝန်ထမ်းအိမ်ယာများနှင့် နေအိမ်အချို့သည် ကမ်းပါးပြိုမှု ဆက်လက်ဖြစ်ပွားခဲ့သည်။
အဆိုပါ ကမ်းပါးပြိုမှုအခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖတို့က ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းအိမ်ရာတွင်နေထိုင်သော ဝန်ထမ်းမိသားစု(၃)စု (၉)ဦးအား ခရိုင်လဝကရုံးဟောင်းသို့ ရွှေ့ပြောင်းနေထိုင်ထားကြောင်း သိရသည်။
မိုးဆက်လက်ရွာသွန်းပါက အဆိုပါ ဝန်ထမ်းအိမ်ရာများ ပြိုကျခြင်း၊ ပြည်ထောင်စုလမ်းမကြီး မြေပြိုပိတ်ဆို့ခြင်းနှင့် လမ်းတစ်ဖက်ရှိ နေအိမ်များနှင့်ပြည်သူများပါ ထိခိုင်နိုင်ခြင်းတို့ကြောင့် သက်ဆိုင်ရာဌာနတို့က ကမ်ပါးရှိ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် မြေထိန်းနံရံများ ပြင်ဆင်ဆောက်လုပ်ခြင်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းခိုင်ဇော်(ကွမ်းလုံ)