နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်

နောင်ချို       သြဂုတ်  ၂၀

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးအပ်ရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးလင်း အောင်နှင့်  ကော်မတီဝင်များမှ နောင်ချိုမြို့ပေါ်ရပ်ကွက် အတွင်းရှိ   အခြေခံလူတန်းစား အိမ်ထောင်စုများသို့ လည်းကောင်း၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ ကျေးရွာ အုပ်စုများအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု များသို့လည်းကောင်း ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

နောင်ချိုမြို့နယ် အနေဖြင့် ရပ်ကွက်ကျေးရွာအုပ်စု (၄၁ )အုပ်စုရှိ အိမ်ထောင်စုပေါင်း ၂၉၉၁ စုအတွက် အခြေခံစားကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ကုလားပဲ ပစ္စည်း(၅)မျိုးစီကို ၁၁-၄-၂၀၂၀ ၌ ပထမ အကြိမ်ထောက်ပံ့ပေးအပ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ်တွင်ကျန်ရှိခဲ့သော အိမ်ထောင်စု ၁၉၈၄ စုအတွက် တစ်အိမ်ထောင်လျှင် ကျပ် ၁၅၀၀၀/- နှုန်းဖြင့် ၂-၇-၂၀၂၀ နေ့တွင် နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့် ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ တတိယ အကြိမ်ထောက်ပံ့မှုအနေဖြင့် ၂၉-၇-၂၀၂၀ ရက်နေ့တွင် နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့် အိမ်ထောင်စုပေါင်း ၄၉၇၅ စုအတွက် တစ်အိမ်ထောင်လျှင် ကျပ် ၂၀၀၀၀/- နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၉၉၅)သိန်းကို လည်းကောင်း၊ ၁၉-၈-၂၀၂၀ နေ့တွင် စတုတ္ထ အကြိမ် ထောက်ပံ့မှုအနေဖြင့် အိမ်ထောင်စု ပေါင်း ၄၉၇၅ စုအတွက် တစ်အိမ်ထောင်လျှင် ကျပ် ၂၀၀၀၀ /-နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၉၉၅) သိန်းကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွေးငယ်၊ နောင်ချို၊ ပြန်/ဆက်