တာမွေမြို့နယ်တွင် "တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှု မျက်နှာစာ" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

ရန်ကုန် ဩဂုတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ စာဖတ်ခြင်းဖြင့် အသိ ဉာဏ်ပညာ ဗဟုသုတများ တိုးပွား လာစေရန်နှင့် အသိပညာများမှတစ်ဆင့် စဉ်းစားတွေးခေါ်တတ်လာပြီး အတတ် ပညာများအဖြစ်သို့ ပြောင်းလဲကာ နိုင်ငံ့အကျိုး သယ်ပိုး ထမ်းဆောင် နိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်  ရည်ရွယ်ပြီး တာမွေမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ စီစဉ်ကျင်းပသော "တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှု မျက်နှာစာ" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်း အချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ Social Distancing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် တာမွေမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း( Book Club ) အဖွဲ့ဝင် ဒေါ်မိုးမိုးသန့်ဇင်က စာရေး ဆရာ ချစ်ဦးညို၏ "တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှု မျက်နှာစာ" စာအုပ်တွင် စာရေးသူက " လုပ်သင့်လုပ်ထိုက်တာတစ်ခုကို လုပ်သင့် တဲ့ အချိန်မှာ လုပ်နိုင်သလောက်လေး လုပ်လိုက် ရတဲ့အတွက် အားမလို အားမရ ကြည်နူးမိပုံများ၊ ယဉ်ကျေးမှုဆိုတဲ့ စကားလုံးနဲ့ ပတ်သက် ပြီး မတူညီတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကို စာဖတ်ပရိသတ်တို့ ကွဲကွဲပြားပြားသိရှိနားလည်စေရန် ရှင်းလင်းဖော်ပြထားပုံများ၊ ယဉ်ကျေးမှု ဆိုတာ တိုးတက်သော၊ မြင့်မားသော လူသားတွေရဲ့ စွမ်းပကားဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် လူသားတွေရဲ့ ရုပ်၊ စိတ်၊ ဝိညာဉ်ကို လေ့လာခြင်း ဖြစ်ပါကြောင်း၊ အတွေ့အကြုံပေးခြင်းနည်းအားဖြင့် တိုးတက်ဖွံ့ဖြိုးလာစေခြင်း ဖြစ်ပါ ကြောင်း " စသည်ဖြင့် အသိပညာပေး ရေးသား ထားကြောင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော တာမွေမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း( Book Club ) အဖွဲ့ဝင်များကလည်း စာရေးဆရာ ချစ်ဦးညို၏ " တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှု မျက်နှာစာ " စာအုပ်တွင် ပါဝင်သော အကြောင်း အရာများနှင့် ပတ်သက်၍ တစ်ဦးချင်းစီအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)