ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာ၌ ကျွဲ၊ နွားများအား ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ဝိုင်းမော် ဩဂုတ် ၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာ၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှ ကျွဲ၊ နွား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၈) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်ချိန်း ကျေးရွာတွင် ဩဂုတ် (၁၇) ရက်နေ့က ကျွဲ (၁၈) ကောင်၊ ဩဂုတ် (၁၉) ရက်နေ့က ကျွဲ (၂) ကောင် စုစုပေါင်း (၁၀) ကောင်ကျွဲ၊ နွား လည်ချောင်းကွဲရောဂါ သံသယဖြင့်သေဆုံးသဖြင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအက်စ်ယိန်းခေါနှင့် ဝန်ထမ်းများက ဩဂုတ်(၁၉) ရက်နေ့ မှ (၂၁) ရက်နေ့ထိ နောင်ချိန်းကျေးရွာအုပ်စု ထွယ်ဆန်ယန်၊ ဆွတ်ယန်၊ ညောင်ပင်သာ၊ နောင်မွန်းကျေးရွာများအတွင်းရှိ ကျွဲ၊ နွား (၁၅၅) ကောင်အား ကျွဲ၊ နွား လည်ချောင်းကွဲ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ကျွဲ၊ နွား လည်ချောင်းကွဲရောဂါသံသယဖြင့် သေဆုံးသည့် ကျွဲများမှာ ယခင်က မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (၆) လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် လာရောက်၍ ကာကွယ်ဆေးများထိုးနှံခြင်းမရှိသည့်အတွက် ကျွဲများသေဆုံးရခြင်းဖြစ်ကြောင်းနှင့် ရောဂါဖြစ်၍ သေဆုံးသည့် ကျွဲများ၏ အသားစ နမူနာပစ္စည်းများကို မန္တလေးတိုင်း‌ဒေသကြီးရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိရစ္ဆာန်ရောဂါရှာဖွေရေးဓါတ်ခွဲခန်းသို့ ပေးပို့ထားပြီဖြစ်ကြောင်းကို မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာအက်စ်ယိန်းခေါ ထံမှသိရှိရသည်။

ခိုင်သက်မွန်(ပြန်/ဆက်)