ဝေါလေမြိုင် မတ် ၇
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနသည် ဒေသခံတောင်သူများ ဟင်းသီး ဟင်းရွက်များစနစ်တကျ စိုက်ပျိုးနိုင်ရန်အတွက် ဟင်းသီးဟင်းရွက်သီးနှံများ ပျိုးထောင်စိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ တောင်သူဦးစိုးပိုင် သီးနှံစိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝေါလေမြိုင်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဝင်နိုင်ဦးက ဟင်းသီးဟင်းရွက်များကို မိမိကိုယ်တိုင်စိုက်ပျိုးခြင်းကြောင့် အပိုဝင်ငွေရရှိသည့်အပြင် လတ်ဆတ်သောဟင်းသီးဟင်းရွက်များကို စားသုံးနိုင်ခြင်းကြောင့် ကျန်းမာရေးနှင့်ညီညွတ်ကြောင်း စသည့်အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားသည်။
အခမ်းအနားတွင် မြဝတီခရိုင်၊ စိုက်ပျိုးရေးဦးစီးမှူး ဦးစောလှကြည်၊ ဝေါလေမြိုင်မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။ ထို့နောက် ဟင်းသီးဟင်းရွက် ပြုစုပျိုးထောင်နည်းများကို လက်တွေ့သရုပ်ပြပြီး အခမ်းအနား တက်ရောက် လာသူများအား သီးနှံမျိုးစေ့များနှင့် စိုက်ပျိုးနည်းလက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)