လှိုင်းဘွဲ မတ် ၇
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများအား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မြန်ရောဂါ အကြောင်း သိရှိစေရန်၊ စာကြည့်တိုက်သို့ လာရောက်၍ စာဖတ်သည့်အလေ့အကျင့်ရရှိစေရန်နှင့် အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် ဟောပြောပွဲကို ယနေ့ နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဒေါ်ခင်စန်းမြင့်က ကျောင်းသား/ကျောင်းသူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားမှု အကြောင်းအရာများ၊ ကိုရိုနာ ဗိုင်းရပ်စ်အန္တရာယ် သတိပြုကာကွယ်ရမည့်နည်းလမ်းများ၊ ကိုရိုနာ ဗိုင်းရပ်စ်အန္တရာယ် ကူးစက်ခံရခြင်းမှ ကာကွယ်ရန်နည်းလမ်းများ၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်သည့်ဆောင်ရန်/ ရှောင်ရန် နည်းလမ်းများကို ဟောပြောခဲ့သည်။
ထို့နောက် ပြန်/ဆက်ဦးစီးဌာနက ခင်းကျင်းပြသထားသော ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ကူးစက် ခံရခြင်းမှ ကာကွယ်ရန်နည်းလမ်းများ၊ ကိုရိုနာ ဗိုင်းရပ်စ်အန္တရာယ် သတိပြု ကာကွယ်ရမည့် နည်းလမ်းများ၊ ရိုတာဗိုင်းရပ်စ်အကြောင်း အသိပညာပေး စာစောင်များ၊ ကိုရိုနာဗိုင်းရပ်စ် ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များနှင့် အသိပညာဗဟုသုတ ရရှိရန်အတွက် စာအုပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှု လေ့လာ ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)