သံတောင်ကြီးမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြ

သံတောင်ကြီး   မတ်လ  ၆

ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့တွင် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၄)ရပ်ကွက် လမ်းဆုံတွင် ကျင်းပ ပြုလုပ်သည်။

အသိပညာပေး သရုပ်ပြပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးနီဌေးက မီးသတ်ဆေးဗူး သုံးစွဲပုံ ၊ လျှပ်စစ်မီးများ စနစ်တကျသုံးစွဲရန်နှင့် ပူပြင်းခြောက်သွေ့သော ရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးလောင်မှုများ မဖြစ်ပွားစေရန် ၊ အများပြည်သူများ အသက်စည်းစိမ် ဥစ္စာများ နစ်နာဆုံးရှုံးမှုများမဖြစ်ပွားစေရန်အတွက် ရည်ရွယ်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို ကျေးရွာ/ရပ်ကွက်များတွင် ဆောင်ရွက်ပေး လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ  တာဝန်ရှိသူများနှင့် ဝန်ထမ်းများ စက်သုံးဆီအရောင်းဆိုင်များ ၊ ဈေးဆိုင်များ ၊ စားသောက်ဆိုင်များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက်နေ ပြည်သူများအား မီးသတ်ဆေးဗူးများဖြင့် လက်တွေ့မီးငြှိမ်သတ်ခြင်းကို ကိုယ်တိုင် မီးငြှိမ်းသတ် စေခဲ့သည်။                    

အဆိုပါ အသိပညာပေး သရုပ်ပြပွဲကို မြို့နယ်မီးသတ်ဦးစီးဌာန နှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က ပူးပေါင်းစီစဉ် ဆောင်ရွက်ခဲ့သည်။ ဆက်လက်ပြီး မြို့နယ်မီးသတ်ကားနှင့် စည်ပင်သာယာရေးအဖွဲ့ ရေကားတို့က မီးသတ် ရေပိုက်များဖြင့် လက်တွေ့သရုပ်ပြခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နော်လော်မူ(ပြန်/ဆက်)