ရှမ်းရွာသစ် မတ် ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အဖွဲ့မှ လာရောက်၍ ဒေသနေပြည်သူများ၏ လူမှုနေထိုင်မြှင်တင်စေရန်၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန်၊ လူနေမှုဘဝ အခက်အခဲလျှော့ချစေရန်၊ လျှပ်စစ်မီးလင်းရေးစီမံချက် အကျိုးသက်ရောက်မှု ရရှိစေရန် ရည်ရွယ်၍ ဒေသနေပြည်သူများ လိုအပ်လျက်ရှိသော လျှပ်စစ်မီးလင်းရေးကိစ္စရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပထမအကြိမ်ဖြင့် ဒေသနေပြည်သူများနှင့် တွေ့ဆုံပွဲကို ရှမ်းရွာသစ်မြို့ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အဖွဲ့မှ အကြံပေး ဒေါ်ဇာခြည်ဝင်းသိန်းက အာရှဖွံ့ဖြိုးရေးဘဏ် ချေးငွေနဲ့ဆောင်ရွက်သော လုပ်ငန်းစဉ်အကြောင်းအရာများ၊ မြို့ပေါ် ရပ်ကွက်ရှိ လျှပ်စစ်မီးလင်းရေးအတွက် မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းများစသည့်ဖြင့် လျှပ်စစ်မီးလင်းရေးကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းခဲ့ပြီး ဒေသနေပြည်သူများအား မိမိတို့ သိရှိလိုသည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ဝေဠု (ပြန်/ဆက်)