လှိုင်းဘွဲ မတ် ၆
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်နေပြည်သူများ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်အကြောင်း ကြိုတင်လုပ်ဆောင်ခြင်းဖြင့် ကာကွယ်ရမည်ဆိုတဲ့ အသိတရားရရှိစေခြင်း၊ ပြည်သူလူထုထံ ကူးစက်ပြန့်ပွားမှု မရှိစေခြင်း၊ မိမိနှင့် မိမိပတ်ဝန်းကျင်တွင် ကျန်းမာရေး အသိပညာများ မျှဝေနိုင်စေရေး ပြည်သူလူထုအတွက် ကြီးမားသည့်အကျိုးကျေးဇူးများ ရရှိစေရန် ရည်ရွယ်၍ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ကမော့ကချူးကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌ ပြုလုပ်ခဲ့သည်။
ထိုသို့အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)အသုံးပြုရာတွင် လိုက်နာရမည့်အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ပြန်လည်ဖြေကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေး စာစောင်များ၊ ကိုရိုနာဗိုင်းရပ်(စ်)နှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)