မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က  ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဂွ  ဇန်နဝါရီ  ၁၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာများ၊ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် ဂွမြို့နယ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်း ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ထည့်သွင်းဆွေးနွေးခဲ့ပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဗိုလ်မှူးမျိုးဇေယျာက မြို့နယ် လုံခြုံရေးအတွက် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများက အထူးဂရုပြု ထိန်းသိမ်းကြစေလိုကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ရပ်ရွာအေးချမ်းလုံခြုံ ရေးအတွက်  ဧည့်စာရင်းများကို အခါအားလျော်စွာ  စစ်ဆေးကြရန် ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ပြန်လည် ဆွေးနွေးတင်ပြချက်များအပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

ရွှေရည်ဝင်းကျော်