ဘားအံ မတ် ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ကျောက်တစ်လုံး (ဝင်းဒရယ်) ကျေးရွာအုပ်စု၊ နော်ဖါးတိုကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ UNICEF နှင့် ကျေးလက်နေပြည်သူတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သော အိမ်တိုင်ရာရောက် ရေမီတာသုံး ရေပေးရေးစနစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက အဆိုပါကျေးရွာ ဓမ္မာရုံ၌ ကျင်းပသည်။
နော်ဖါးတိုကျေးရွာသည် အိမ်ခြေ ၁၅၀ ခန့်ရှိပြီး လူဦးရေ ၇၀၀ ကျော်နေထိုင်ကာ ရေတွင်း ၂၀ ခန့်သာရှိသည့်အတွက် နှစ်စဉ်နွေရာသီရောက်တိုင်း ရေရှားပါးလေ့ရှိကြောင်း သိရှိရပြီး ပြည်သူ၊ ကျေးလက်၊ UNICEF တို့ပူးပေါင်း၍ ၄ လက္မ စက်ရေတွင်း၊ အမြင့်ပေ ၂၀ ရှိ ဂါလံ ၄၀၀၀ ဆံ့ သံကူကွန်ကရစ်ရေစင်နှင့် ရေပိုက်လိုင်းများသွယ်တန်း၍ အိမ်တိုင်ရာ ရောက်ရေမီတာသုံး ရေပေးရေးစနစ်ကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျေးရွာသူ/သားများအနေဖြင့် ရာသီမရွေး၊ အချိန်အခါမရွေး သန့်ရှင်းသော သောက်သုံးရေကို ရယူသုံးစွဲ နိုင်ပြီဖြစ်ရာ ထိုသို့သုံးစွဲရာတွင် ရေမီတာ တစ်ယူနစ် (၂၂၀ ဂါလံ၊ ၄ ပီပါခန့်)ကို ငွေ ၂၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်ပြီး ထိုကောက်ခံရရှိသော ရေမီတာကြေးများကို ရေပေးရေးစနစ်အတွက် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြည်သူလူထုအခြေပြု ရေမီတာသုံးပိုက်လိုင်းရေပေးရေးစနစ်ကို ကရင်ပြည်နယ် အစိုးရ အဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ ကရင်ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုးများရေးရာကော်မတီ အတွင်းရေးမှူး ဦးစောမြထွန်း၊ ပြည်နယ် ကျေးလက် ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဆန်းဌေး၊ ကျောက်တစ်လုံး (ဝင်းဒရယ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစောကပေါ်မှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ ကြောင်းနှင့် အိမ်တိုင်ရာရောက်ရေမီတာသုံး ရေပေးရေးစနစ်အား ဘားအံမြို့နယ်တွင် (၈) ရွာမြောက်အဖြစ် ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)