ကြာအင်းဆိပ်ကြီး မတ် ၃
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မြန်မာတစ်နိုင်ငံလုံး၌ ပြုလုပ်ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ မတ်လ (၂၀)ရက်နေ့အထိ မြန်မာနိုင်ငံ စာစစ်ဌာနမှ သတ်မှတ်ထားသည့် စာစစ်ဌာနများတွင် ကျင်းပမည်ဖြစ်သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၅)ခုတွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါ စာစစ်ဌာနများတွင် လုံခြုံစိတ်ချမှုရှိစေရေး စာရေးခုံများ သတ်မှတ် အရည်အသွေးများနှင့် ကိုက်ညီမှုရှိစေရေး ဖြေခန်းများ စနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား မြို့နယ်ပညာရေးမှူး ဦးမြင့်ထွန်းက ယနေ့နံနက်ပိုင်းအချိန်က ခလယ်ကျေးရွာနှင့် တံခွန်တိုင်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနများသို့ သွားရောက်ကာ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ကျောင်းအုပ်ကြီးနှင့် ကျောင်းကော်မတီဝင်များအား ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးမြင့်ထွန်းသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောက်လုပ်လျက်ရှိသည့် အ-ထ-က သံပုရာ ဝန်ထမ်းအိမ်ရာနှင့် အိမ်သာများ၊ အ-မ-က(၂) မြို့ဟောင်းရှိ ကျောင်းဆောင်သစ်နှင့် အ-မ-က လေးကတေးကျေးရွာရှိ အကြီးစားပြင်ဆင်မှု ကျောင်းဆောင်များအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး သတ်မှတ်အရည်အသွေးများ ပြည့်မီစေရေးအတွက် ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)