ရှမ်းရွာသစ် မတ် ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်းတိုက်၏ ဒုတိယအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါ ကျောင်းတိုက်တွင် ကျင်းပသည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်းတိုက် ဘဒ္ဒန္တ ဦးသုစိတ္တ ဆရာတော်က ရောင်ခြည်ဖွင့်ဂါထာဖြင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ဦးခိုက်ပင့်လျှောက်တော်မူသည်။ ဆက်လက်၍ အုန်းတောကျောင်းဆရာတော် ဦးသီရိဓမ္မထံမှ ပဋ္ဌာန်းတရား နာယူခြင်းနှင့် ပဋ္ဌာန်းတရား ဂါထာ ရွတ်ဖတ်ခြင်းတို့ကို အသီးသီး ရွတ်ဖတ်ပူဇော်ကြသည်။
ထို့နောက် ကြွရောက်တော်မူကြသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ ဌာနဆိုင်ရာများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ပဋ္ဌာန်းပါဠိတော်မြတ်ကို သုံးကြိမ်သံပြိုင်ရွတ်ကြပြီး ရဟန်း သံဃာတော် အရှင်သူမြတ် များက အလှည့်ကျ စတင်ကာ ပဋ္ဌာန်းဒေသနာတော်မြတ်ကြီးကို (၃.၃.၂၀၂၀)ရက်နေ့မှ (၆.၃.၂၀၂၀) ရက်နေ့ထိ သုံးရက်တိုင်တိုင် ရွတ်ဆိုပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေဠု (ပြန်/ဆက်)