ချောင်းဆုံမြို့နယ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာဆွေးနွေးပွဲ (Talk Show) ကျင်းပ

ချောင်းဆုံ ဩဂုတ်၂၆

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် လူကုန်ကူးမှုနှင့်ပတ်သက်ပြီး ကြိုတင် ကာကွယ် ရေး နည်းလမ်းများ၊ လူကုန်ကူးမှုခံရသူများအား အလုပ်အကိုင်ပြန်လည်ရရှိနိုင်ရေး၊ လူကုန်ကူးမှုနှင့် ပတ်သက်၍ ဥပဒေဆိုင်ရာအချက်အလက်များကိုသိရှိစေရန်အတွက် လူကုန်ကူးမှု တာဆီးကာကွယ်ရေး ဆိုင်ရာဆွေးနွေးပွဲ (Talk Show) ကို ဩဂုတ်လ ၂၆ ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ချောင်းဆုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံး စာကြည့်တိုက်ခန်းမတွင် ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ဥပဒေအရာရှိ ဒေါ်လဲ့ယဉ်မြင့်က လူကုန်ကူးသူများ ဥပဒေနှင့် ပတ်သက်ပြီး ပြစ်မှုပြစ်ဒဏ်များနှင့် ပြစ်မှုပြစ်ဒဏ်ချမှတ်နိုင်မှု အကြောင်းကို လည်းကောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာန လူမှုဝန်ထမ်းမူကြို ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူငြိမ်းမှ လူကုန်ကူးမှုခံရသူများအား ပတ်ဝန်းကျင်အတွင်း ပြန်လည် ဝင်ဆံ့ ပေါင်းစည်းနိုင်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်ပြီး အသက်မွေးဝမ်းကျောင်း ဆိုင်ရာလုပ်ငန်းများအား ဖန်တီးပေးခြင်းစသည့်အချက်များကို မြို့နယ်(ပြန်/ ဆက်) ဦးစီးမှူး ဒေါ်မိသူဇာတို့နှင့် အတူ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ထူးအိမ်(ပြန်/ဆက်)