မုံရွာမြို့နယ် စာရေးဆရာအသင်းဝင် (၂)ဦး၏ စာအုပ်(၂)အုပ် မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

မုံရွာ ဇန်နဝါရီ ၃၀

မုံရွာမြို့နယ် စာရေးဆရာအသင်းဝင် (၂)ဦး၏ စာအုပ်(၂)အုပ် မိတ်ဆက်ပွဲကို ယမန်နေ့ နံနက်(၁၀) နာရီက မုံရွာမြို့ မုံရွာခရိုင် ပြန်ကြား‌ ရေးနှင့်ပြည်သူ့ဆက်ဆံဆက်‌ ရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မဲခေါင်စာပေဆုရ ဆရာနေမင်းသန်း ပြုစုသည့် “ဘဝတွက်တာ အရေးပါ ကဗျာသံပေါက်များ” နှင့် ဆရာမ မဉ္ဇူသက ရေးသားသည့် နှလုံးသွေးနဲ့ရေးတဲ့ မှတ်တမ်း(၂) ဆောင်းပါးများ မိတ်ဆက်ပွဲနှင့် အဆိုပါစာအုပ်များ လှူဒါန်းပွဲကို ကျင်းပခဲ့‌ကြောင်း သိရသည်။  

"မြန်မာ့စာပေသမိုင်းမှာ သံပေါက်ကဗျာနဲ့ ပတ်သက်လို့ အရင်ကပညာရှင်တွေ မှတ်တမ်း တင်ရေးဖွဲ့ထားတာတွေ့ပေမယ့် မျက်မှောက်ခေတ်မှာ စာတစောင်ပေတစ်ဖွဲ့ တစ်ခုတ်တစ်ရ မတွေ့ရဘဲနည်းပါးလှပါတယ်။ အဲဒီကွက်လပ်ကို ဖြည့်တဲ့အနေနဲ့ ကဗျာသံပေါက် စာအုပ်ကို ပြုစုခဲ့တာဖြစ်ပါတယ်" ဟု ဆရာနေမင်းသန်းက ပြောသည်။

အခမ်းအနားတွင် မဲခေါင်စာပေဆုရ ဆရာနေမင်းသန်းက ကဗျာသံပေါက်များ စာအုပ်ပြု စုဖြစ်ပုံကို မိတ်ဆက်ဆွေးနွေးပြီး နှလုံးသွေးနဲ့ရေးတဲ့ မှတ်တမ်းစာအုပ်နှင့် ပတ်သက်၍ ဆရာမ မဉ္ဇူသက က မိတ်ဆက်ဆွေးနွေးသည်။

"ဒုတိယမြောက် မှတ်တမ်းတင်ဖြစ်တဲ့ စာအုပ်ဖြစ်ပါတယ်။ ရင်ထဲက ခံစားချက်တွေကို စာအဖြစ် မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ လောကဖန်တီးရှင် လူသားတွေကို မွေးဖွားပေးတဲ့ မိခင်တွေ ရဲ့ အလှတရားတွေကို သတိမူမြင့်တွေ့ ခံစားနိုင်ခဲ့ရင် မှတ်တမ်းရေးဖွဲ့ရတာ တန်ဖိုးတစ်ခု ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဆရာမ မဉ္ဇူသက ကပြောသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ သံပေါက်ကဗျာနှင့် နှလုံးသွေးနဲ့ရေးတဲ့ မှတ်တမ်းစာအုပ်(၄၀)စီ၊ စစ်ကိုင်းတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ (၂၀)စီ လှူဒါန်းကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ကိုယ်စား မုံရွာခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးနှင့် စစ်ကိုင်းတိုင်းစာကြည်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်စိုး (ဆရာ ရွှေရည်စိုး)တို့က ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် စာရေးဆရာ ကဗျာဆရာ သုတေသီ စာပေဝါသနာရှင်များက မိတ်ဆက်မုဒိတာစကားများ ပြောကြား ချီးမြှင့် ခဲ့ကြ‌ကြောင်း သိရသည်။

မြင့်နိုင်စိုး ပြန်/ဆက်