ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည် အစည်းအဝေး ကျင်းပ

ရန်ကုန်  ဇန်နဝါရီ  ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်၌ မြို့နယ်စာရေးဆရာ အသင်း နှစ်ပတ်လည်အစည်းအဝေးကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၇)ရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်၉ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင်  မြို့နယ်စာရေးဆရာအသင်း ဉက္ကဋ္ဌဦးညွန့်လှိုင်(မောင်မောင်ညွန့်လှိုင်)က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ အတွင်းရေးမှူး(၁) ဦးညွန့်တင် (ကြို့ပင်ကောက်-မောင်ငြိမ်းသူ)မှ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အတွင်းရေးမှူး ဦးအုန်းလှိုင်(ကိုဉက္ကံ)က အလုပ်အမှုဆောင်အဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာကို ဖတ်ကြားပြီး ဦးသန်းကြွယ် (ပန်းတောင်း သန်းကြွယ်)က ဘဏ္ဍာရေးရှင်းတမ်းအား ဖတ်ကြားခဲ့သည်။ ထို့နောက် အမှုဆောင်ဟောင်းများ နှုတ်ထွက်ကြောင်း ကြေညာပြီး အမှုဆောင်သစ် ရွေးချယ်ပွဲကို ဆက်လက် ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ အမှုဆောင်သစ်ရွေးချယ်ရေးကြီးကြပ်ရေးအဖွဲ့မှ စည်းမျဉ်းစည်းကမ်းများကို ဖတ်ကြားတင်ပြ၍  အလုပ်အမှုဆောင်(၉)ဦးအား ရွေးချယ်ပေးပြီး အရွေးချယ်ခံအမှုဆောင်များမှ သဘာပတိ အမျိုးသားစာပေတစ်သက်တာဆုရ ဆရာကြီးဦးစိန်လှိုင်(သူရဇော်)ရှေ့မှောက်တွင် ကတိသစ္စာပြုကြသည်။ ထို့နောက်အမှုဆောင် တာဝန်များခွဲဝေ သတ်မှတ်ခဲ့ပြီး မြို့နယ်စာရေး ဆရာအသင်းဉက္ကဋ္ဌ ဦးညွန့်လှိုင် (မောင်မောင် ညွန့်လှိုင်) က နိဂုံးချုပ်စကား ပြောကြားကာအခမ်းအနားကို နံနက် ၁၁ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

မြင့်မြင့်ရီ(ဒဂုံမြောက်)