ကမမောင်း ဖေဖော်ဝါရီ ၆
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့်ဖာပွန်ခရိုင်၊ ကမမောင်းမြို့ တွင် အလယ်တန်းအဆင့် မြို့နယ်ကျောင်းပေါင်းစုံ ကျပန်း၊စာစီစာကုံး၊ ဆောင်းပါး၊ပန်းချီ ပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်(၁၀)နာရီအချိန်က ကမမောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ပြိုင်ပွဲများတွင် ကမမောင်းမြို့အတွင်းရှိ ကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပြီး အလယ်တန်းအဆင့်ကျပန်းစကား ပြောပြိုင်ပွဲတွင် "စိန်ရတုပြည်ထောင်စုမှသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆီသို့" ခေါင်းစဉ်ဖြင့်ကျောင်းသား/သူ(၈)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် "စိန်ရတုပြည်ထောင်စု" ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၁၀)ဦး၊ ဆောင်းပါးပြိုင်ပွဲ(လယ်ဆင့်)တွင် "ပြည်ထောင်စုပွဲ တို့ဆင်နွှဲ" ခေါင်းစဉ်ဖြင့် ကျောင်းသား/သူ(၁၀)ဦး ပန်းချီပြိုင်ပွဲ(လယ်ဆင့်)တွင် (၁၀)ဦး၊ မူလတန်းအဆင့်တွင် (၈)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၄၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုကျပန်း၊ စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲများကို ကျောင်းသား/ကျောင်းသူများ အနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရသည့် အကြောင်းအရာ ဗဟုသုတများကို သိရှိနားလည်ကြစေရန်နှင့် ဉာဏ်ပညာစွမ်းရည်၊ နှုတ်မှုစွမ်းရည်နှင့် သရုပ်ဖော်စွမ်းရည်များ ရရှိကြစေရန်တို့ကို ရည်ရွယ်၍ မြို့အဆင့် ပြိုင်ပွဲများကို ကျင်းပပေးရခြင်း ဖြစ်ကြောင်း ကမမောင်းမြို့ပညာရေးမှူး ထံမှ သိရှိရသည်။
ကမမောင်း(ပြန်/ဆက်)