ကြာအင်းဆိပ်ကြီးမြို့နယ်၌ မြို့နယ်သံဃနာယကအဖွဲ့ ပြန်လည်ရွေးချယ်ခြင်း အခမ်းအနားကျင်းပ

 

ကြာအင်းဆိပ်ကြီး ဖေဖော်ဝါရီ ၇

မြို့နယ်သံဃနာယက အဖွဲ့ဝင်များအနားယူခြင်းနှင့် ပြန်လည်အစားထိုးရွေးချယ်ဖွဲ့စည်းခြင်း ဆိုင်ရာ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်()ရပ်ကွက်ရှိ မြို့လယ်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါမြို့နယ်သံဃနာယက အနားယူ အစားထိုးရွေးချယ်ခြင်း၌ ဦးဆောင်ကွပ်ကဲရေး  ဆရာတော်ကြီးများဖြစ်ကြသည့် ဘားအံမြို့ ခေမာရာကျောင်းဆရာတော် ဘဒ္ဒန္တသောပါက(နိုင်ဗဟို)၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တောင်ပကျောင်းဆရာတော် ဘဒ္ဒန္တသုဇာတ(နိုင်ဗဟို) နှင့် ကြီးကြပ်ရေးဆရာတော်(၃)ပါး၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ ဩဝါဒါစရိယဆရာတော်(၅)ပါး၊ မြို့နယ်သံဃနာယက ဆရာတော်(၉)ပါး၊ မြို့နယ်သံဃာ့ဝန် ဆောင်ဆရာတော်(၅၉)ပါးအနက် (၅၄)ပါး တက်ရောက်ကြွရောက်တော်မူကြသည့်အတွက်  (၇၅)ရာခိုင်နှုန်း ပြည့်မီသ၍ ရွေးချယ် တင်မြှောက်ခြင်း အထမြောက်ကြောင်း သိရသည်။

ယင်းနောက် သံဃနာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်ဝန်ဆောင် အစည်းအဝေးကို ဆက်လက်ကျင်းပရာ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ သဘာပတိဆရာတော် ဘဒ္ဒန္တဝဏ္ဏိဿရ ဆရာတော်ဘုရားမှ အဖွင့်ဩဝါဒ‌ဖတ်ကြား ပြောဆိုမိန့်ကြားပြီး မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဟန်က သာသနာရေးဆိုင်ရာများအား လျှောက်ထားတင်ပြ ဖတ်ကြားသည်။

ထို့နောက်အဆိုပါသံဃနာယကပြန်လည်ရွေးချယ်ခြင်း၌ အစားထိုးရွေးချယ်ခံရသည့် ပြည်နယ် ဝန်ဆောင် ဆရာတော်(၁)ပါး၊ မြို့နယ်ဝန်ဆောင်(၅၉)ပါး၊ မြို့နယ်သံဃနာယက အဖွဲ့(၉)ပါး တို့အား ဘွဲ့အမည်နှင့် တစ်ပါးချင်းစီအလိုက် သဘာပတိဆရာတော်ဘုရာကြီးမှ တင်သွင်းခဲ့ပြီး ကြွရောက် တော် မူလာကြသည့် သံဃဝန်ဆောင်ဆရာတော်ကြီးများမှ သာဓု(၃)ကြိမ်ခေါ်ဆို၍ အတည်ပြု ခဲ့ကြောင်း သိရသည်။

အဆိုပါမြို့နယ်သံဃနာယကရွေးချယ်ခြင်း၌ ကြာအင်းဆိပ်ကြီးမြို့နယ် စစ်ဗျူဟာအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်မျိုးထွန်း၊ ပြည်နယ်သာသနာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်သူဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်များမှ တက်ရောက်ပူဇော်ခဲ့ကြောင်းသိရသည်။

မျိုးမင်းဦး