ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း ပြန်လည်ဖွင့်လှစ်

မင်းဘူး          ဖေဖော်ဝါရီ               ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီးအနီး ပဒေါင်း-ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောအတွင်း၌ တောတောင်ရေမြေနှင့် စိမ်းစိုသာယာလှပသော သဘာဝရှုခင်းအလှများကိုအခြေခံပြီး မြန်မာ့သစ်လုပ်ငန်း၊ မင်းဘူးသစ်ထုတ်ရေးဒေသ၊ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်းမှ ပြည်တွင်း/ပြည်ပ ခရီးသွားများအား ဆွဲဆောင်နိုင် စေရန်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ထားသည့် ရွှေစက် တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို ယခုလ ၅ ရက်နေ့ကစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း ဆင်စခန်းမန်နေဂျာ ဦးအောင်ဝင်းနိုင်ထံမှ သိရသည်။

“ဆင်စခန်းမှာ ခရီးတိုဆင်စီးရင် တောတောင်ရေမြေနဲ့ စိမ်းစိုသာယာလှပတဲ့ သဘာဝရှုခင်း အလှတွေကို ကြည့်ရှုခံစားနိုင်စေဖို့၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအားလုံး ဆောင်ရွက်ပေးနိုင်ဖို့နဲ့ ညအိပ်တည်းခိုနိုင်စေဖို့အတွက် တည်းခိုဆောင်အနေနဲ့ ဘန်ဂလို(၁၁)လုံးစီစဉ် ထားတာပါ။ မန်းချောင်းဘေး ဆင်များနဲ့အတူ ရေချိုးရင်းအပန်းဖြေနိုင်စေဖို့ ယာယီတံတား၊ တည်းကျောင်းနဲ့ အလှဆင်တာတွေကို ပြင်ဆင်ဆောင်ရွက်ထားပါတယ်။ ဆင်စာဘူးဖေး ကျွေးမွေးလိုသူများအနေနဲ့ ငွေကျပ် ၃၀၀၀၀၊ ၅၀၀၀၀ နဲ့ ၁၀၀၀၀၀ နှုန်းသတ်မှတ်ထားပြီး မိမိတို့ တတ်နိုင်တဲ့ နှုန်းထားနဲ့ Online မှတစ်ဆင့် ဆက်သွယ်လှူဒါန်းကျွေးမွေးနိုင်သလို ကိုယ်တိုင်လာရောက်ပြီး ကျွေးမွေးနိုင်ပါတယ်” ဟု ဆင်စခန်းမန်နေဂျာ ဦးအောင်ဝင်းနိုင်က ပြောသည်။

ဆင်စခန်းဖွင့်လှစ်ချိန်ကို နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၆ နာရီချိန်ထိ သတ်မှတ်ထားပြီး ဆင်ထီး(၄)ကောင်၊ ဆင်မ(၇)ကောင်၊ စုစုပေါင်း ဆင်(၁၁)ကောင် ရှိကြောင်း၊ ပြည်တွင်းခရီးသွား တစ်ဦးလျှင် ဆင်စခန်းဝင်ကြေး ၁၀၀၀ ကျပ်နှင့် ခရီးတိုဆင်စီးခ ၅၀၀၀ ကျပ်နှုန်း၊ ပြည်ပနိုင်ငံ ခြားသားတစ်ဦးလျှင် ဝင်ကြေး ၁၀၀၀၀ ကျပ်နှင့် ခရီးတိုဆင်စီးခ ၁၀၀၀၀ ကျပ်နှုန်း၊ တည်းခိုဆောင် အနေဖြင့် ဘန်ဂလို(၁၁)လုံးရှိပြီး တည်းခိုဆောင်တစ်လုံးအတွက် တစ်ရက်လျှင် ငှားရမ်းခ ၃၀၀၀၀ ကျပ်နှုန်း သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ အပန်းဖြေဆင်စခန်းကို မန်းရွှေစက်တော် ဘုရားသို့သွားရာ (၈)မိုင် လမ်းဘေးရှိ ပဒေါင်း-ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောအတွင်း၌ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၅ ရက်နေ့မှစပြီး ယာယီပိတ် ထားခဲ့ရကြောင်း၊ ယခုအခါ မန်ရွှေစက်တော်ဘုရားပွဲတော် ဖွင့်ပွဲနှင့်အတူ တပို့တွဲလဆန်း ၅ ရက်နေ့ က ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဆင်စခန်းဖွင့်လှစ်ခြင်း (၃)နှစ်ပြည့်အထိမ်းအမှတ်ကိုလည်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)