ကျောက်ကြီး ဖေဖော်ဝါရီ ၇
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မြို့နယ် ကြက်ခြေနီအသင်း(ခွဲ)စီစဉ်မှုဖြင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ဦးဆောင်ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက် ၉ နာရီက မြို့နယ် ကြက်ခြေနီ အသင်း(ခွဲ) ရုံး သင်တန်းခန်းမတွင် ရှေးဦးပြုစုခြင်း ( အခြေခံ)သင်တန်း (၁/၂၀၂၂)ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်လှစ်ရခြင်းမှာ ကျောက်ကြီးမြို့နယ်တွင် ရှေးဦးပြုစုခြင်းပညာ ပြန့်ပွားစေရန်နှင့် ကြက်ခြေနီ လူမှုဂရုဏာလုပ်ငန်းများအား ပြည်သူများပိုမိုသိရှိလာစေရန် မတော်တဆထိခိုက်မှုများ သဘာဝဘေး အန္တရာယ်များ ကြုံတွေ့လာစဥ် စနစ်တကျ တုန့်ပြန်ကူညီတတ်စေရန် အနာဂတ် ကြက်ခြေနီလူငယ် မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန်နှင့် အများပြည်သူများ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်၊ ကျန်းမာရေးအသိပညာများမြှင့်တင်ရန်၊ ဘေးဒုက္ခကျရောက်သူများအား ကြက်ခြေနီအခြေခံမူများနှင့် အညီကူညီရန်၊ ရှေးဦးပြုစုခြင်းပညာ လူထုအတွင်းပြန့်နှံရန်၊ ကြက်ခြေနီသင်္ကေတအရေးပါမှုအား သိရှိရန် ရည်ရွယ် သင်တန်းဖွင့်ရခြင်းဖြစ်ကြောင်း ကြက်ခြေနီ မြို့နယ် တပ်ဖွဲ့မှူး ဦးမင်းမြတ်ဘုန်း က ပြောကြားသည်။
ကျောက်ကြီးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များနှင့် အခြားဘေးအန္တရာယ်များ အချိန်မရွေး ဖြစ်ပေါ် လာနိုင်သည့် ကာလတွင် မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရှေးဦးပြုစုခြင်း ပညာတတ်မြောက်ထားသည့် စေတနာလုပ်အားရှင်များ ရှိနေခြင်းကြောင့် ဖြစ်ပေါ်လာသည့်ဘေးများ တွင် ပြည်သူလူထုနှင့် ထိခိုက်ခံစားရသူရှိသူများအား စနစ်တကျကူညီကယ်တင်နိုင်ရန်အတွက် စေတနာလုပ်အားရှင်စိတ်ရှိသူများ မြို့နယ်အတွင်းများပြားလာပါက မြို့နယ်အတွက် များစွာ အထောက်အကူ ရရှိနိုင်ရေး သင်တန်းပေးရခြင်းဖြစ်ကြောင်း မြို့နယ် ကြက်ခြေနီအသင်း(ခွဲ) အမှုဆောင် အတွင်းရေးမှူး ဦးဝင်းမြင့် ပြောကြားချက်အရသိရသည်။
အဆိုပါသင်တန်းအား ကျောက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအုပ်စုများမှ သင်တန်းသား သင်တန်းသူ (၃၁)ဦး တက်ရောက်ကြပြီး ဖေဖော်ဝါရီ ၇ ရက်နေ့ မှ ဖေဖော်ဝါရီ ၁၁ ရက်နေ့ အထိ (၅)ရက်တာ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ သင်တန်းနည်းပြများမှ အခမဲ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်