ရန်ကုန် မတ် ၃၁
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက COVID-19 အသိပညာရေးလက်ကမ်းစာစောင် ၈၀၀၀ နှင့် လက်သန့်ဆေးရည် ငါးလီတာဆန့် ၁၆ ဗူး လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၆၀)ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံး၌ ပြုလုပ်သည်။
ထိုသို့ လှူဒါန်းမှုကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦးက ပေးအပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူပြီး ခရိုင်နှင့် မြို့နယ် လူထုအခြေပြုဗဟိုဌာနများရှိ ရွေ့လျားစာကြည့်တိုက်များ၏ COVID-19 အသိပညာပေးလုပ်ငန်းများနှင့် ရောဂါကူးစက်ခြင်းမှ ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများတွင် အသုံးပြုမည်ဖြစ်သည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသည် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၏ ခရိုင်နှင့် မြို့နယ်ရုံး/ပြည်သူ့စာကြည့်တိုက်များကို လူထုအခြေပြု ဗဟိုဌာနများအဖြစ် အဆင့်မြှင့်တင်မှုနှင့် ရွေ့လျားစာကြည့်တိုက် လုပ်ငန်းများ ဆောင်ရွက်မှုတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစ၍ သုံးနှစ်သက်တမ်းရှိ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ နေရာ ၁၆ ခု၌ ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် ငွေကျပ်သန်း ၁၀၀၀ ကျော် တန်ဖိုးရှိ ရွေ့လျားစာကြည့်တိုက်ယာဉ် ၁၇ စီး၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ စာအုပ်စာစောင်နှင့် ကျွမ်းကျင်ဝန်ထမ်းများ လွဲပြောင်းပေးအပ်ခဲ့မှုနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာကိုလည်း နှစ်နှစ်သက်တမ်းတိုး လက်မှတ်ရေးထိုး၍ ဆက်လက် ပူးပေါင်း ဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရသည်။
မျိုးမင်းအောင်(ပြန်/ဆက်)