ပွင့်ဖြူမြို့နယ်၌ မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်

ပွင့်ဖြူ မတ် ၃၁

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု ၊ မင်းတဲကုန်းကျေးရွာနှင့် သရက်တော ကျေးရွာအုပ်စု ၊ မင်းဇံကျေးရွာတို့မှ မီဘေးသင့်အိမ်ထောင်စုများအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် က မီးဘေးသင့်ပြည်သူများအား အားပေးစကား ပြောကြားပြီး နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများကို အကျိုးရှိစွာ သုံးစွဲသွားရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ပွင့်ဖြူ မြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ မင်းတဲကုန်းကျေးရွာမှ (၄ ပင် × ၃ ပင်) သွပ်မိုး ၊ ပျဉ်ခင်းနှစ်ထပ် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှုအတွက် ထောက်ပံ့ငွေကျပ် ၂၀၀၀၀၀ ၊ မီးဘေးသင့် အိမ်ထောင်စု (၇)ဦးအတွက် စားနပ်ရိက္ခာ ဆန်ဖိုးငွေကျပ် ၁၄၇၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးကို လည်းကောင်း ၊ မင်းတဲကုန်းကျေးရွာမှ ဓားထိုးခံရ၍ သေဆုံးသွားသော မချိုချိုမာအတွက် ထောက်ပံ့ငွေကျပ် ၃၀၀၀၀၀ ကို လည်းကောင်း၊  ပွင့်ဖြူမြို့နယ် သရက်တော ကျေးရွာအုပ်စု၊ မင်းဇံကျေးရွာမှ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နှစ်ထပ်လူနေအိမ် မီးလောင်ဆုံးရှုံးမှုအတွက် ထောက်ပံ့ငွေကျပ် ၁၀၀၀၀၀၊ မီးဘေးသင့် အိမ်ထောင်စု(၁)ဦးအတွက် စားနပ်ရိက္ခာဆန်ဖိုးငွေကျပ် ၂၁၀၀ နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုးကို လည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)