ဗဟန်းမြို့နယ်၌ လူမှု​ရေးရာ အသိပညာပေးသင်တန်းဖွင့်လှစ်

ရန်ကုန် ဖေဖော်ဝါရီ  ၁၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရန်ကုန် အနောက်ပိုင်း ခရိုင်၊ လူမှုဝန်ထမ်းရုံးမှကြီးမှူးကျင်းပသော လူမှု​ရေးရာအသိပညာ​ပေးသင်တန်းကို ယနေ့နံနက်၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (ဗဟန်း) Community Centre ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်အနောက်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန္တာစောနှင့် တာဝန်ရှိသူများ၊ ခရိုင်အတွင်းရှိ မြို့နယ်(၁၂)မြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအသင်းမှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်း၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန္တာစောက အဖွင့်အမှာစကား ပြောကြားပြီး၊ ဦးစီးမှူး ​ဒေါ်ထားထားဦးက အသက်(၁၈)နှစ်​အောက် လူငယ်၊ လူရွယ်များတွင်ဖြစ်​လေ့ဖြစ်ထရှိ​သော လူမှု​ရေးဆိုင်ရာကိစ္စရပ်များ၊က​လေးသူငယ်များ ကြီးကြပ်မှုအ​​ခြေအ​နေ၊ လူငယ်လူရွယ်များအတွက် အကူအညီ လိုအပ်ချက် များကို သက်ဆိုင်ရာ ဌာနများ၊ လူမှု​ရေးအသင်း၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်​ဆောင်ရွက်​ပေးရခြင်း အ​ခြေအ​နေ၊ လူငယ်လူရွယ်များတွင် ကြုံ​တွေ့လာနိုင်သည့် လူမှု​ရေးကိစ္စများကို​ ဖြေရှင်း​ဆောင်ရွက်ရမည့် နည်းလမ်းများ၊ က​လေး သူငယ်များကြီးကြပ်မှုဆိုင်ရာ ဥပ​ဒေ၊ နည်းဥပ​ဒေများအ​ကြောင်း က​လေးသူငယ်များအား စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့် ဆွေးနွေးပညာပေးခြင်းဆိုင်ရာ အကြောင်းအရာ များကို အသေးစိတ် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သင်တန်းတက်ရောက်လာကြသော သင်တန်းသူသင်တန်းသားများက မိမိတို့သိရှိလိုသည့် လူငယ်၊လူရွယ် များနှင့် ပတ်သက်သည့် လူမှုရေးဆိုင်ရာ အကြောင်းအရာများကို မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားကြသည်။

အဆိုပါသင်တန်းသို့မြို့နယ်(၁၂) မြို့နယ်မှ သင်တန်းသူသင်တန်းသား (၃၀)ဦး တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

​အောင်မြင့်(ပြန်/ဆက်)