ဖြူး မတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို မြို့ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူလူထု ပူးပေါင်း၍ ရောဂါ ကြိုတင် ကာကွယ်ရေးမြို့နယ်အဆင့် ကော်မတီတစ်ရပ် ဖွဲ့စည်းလျက် အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။
ယနေ့နံနက်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွန့်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသက်စိန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုးတို့နှင့်အတူ COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေးအတွက် ဖွင့်လှစ်ထားသော ကျန်းမာရေး စောင့်ရှောက်မှု စုရပ်စခန်းများဖြစ်ကြသည့် ညောင်ပင်သာအထက၊ လှေဒုံးမူလွန်၊ ငတိုးခင် အလက၊ ရေပြာမူလွန်၊ ကညွတ်ကွင်း အထက(၁)၊ ကညွတ်ကွင်း အထက(၂)စခန်းများသို့ လည်းကောင်း၊ နေ့လည်ပိုင်းတွင် ဇေယျဝတီ အ.ထ.က.(၁)သို့လည်းကောင်း သွားရောက် ကြည့်ရှုကြပြီး လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြကြောင်း သိရှိရသည်။
မနွယ် (ဖြူးပြန်/ဆက်)