ရန်ကုန် မတ် ၃၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီနှင့် အထောက်အကူပြုကော်မတီဖွဲ့စည်းခြင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုကာကွယ်ရေး၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများ အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်က သန်လျင်မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ နှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ အသိပညာပေးရေး လုပ်ငန်းများ အတွက် အထောက်အကူပြု ကော်မတီများဖွဲ့စည်းကာ ကော်မတီအလိုက် ကြိုတင်ကာကွယ် ရေးလုပ်ငန်းများနှင့် ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်သွားနိုင်ရေး နှင့် လိုအပ်သော ထောက်ပံ့မှုများအား ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းမှာ ကြားသည်။
ထို့နောက် သန်လျင်မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ အသိပညာပေးရေးနှင့် ထောက်ပံ့ရေး ကော်မတီများဖွဲ့စည်းတာဝန်ပေးအပ်ပွဲသို့ တက်ရောက် လာကြသော ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များက လက်ရှိ ဆောင်ရွက်နေသော ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် စောင့်ကြည့်လုပ်ငန်းများတွင် ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်ပေးနေမှုများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများတွင် လိုအပ်ချက်များအား ရှင်းလင်းတင်ပြကြရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်က လိုအပ်သည်များအား ဖြည့်စွတ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် သန်လျင်မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ အသိပညာပေးရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် အလှူရှင် (ဦးကျော်လှိုင်) ဇနီး ဒေါ်စိုးမြင့် (သား) ကိုဇော်လွင် မိသားစုတို့က အလှူငွေကျပ် ၅ သိန်းအား ပေးအပ် လှူဒါန်းရာ အလှူရှင်များ (ကိုယ်စား) သန်လျင်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက မြို့နယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင် ကာကွယ်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဦးကိုမင်းသိန်းနှင့် တာဝန်ရှိသူများထံ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)