ပွင့်ဖြူ ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးကျေးဇူးများကို သိရှိနိုင်စေရန်နှင့် အားလပ်ချိန်တွင် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာရေးဆရာဖေမြင့် ရေးသားသည့် “နှလုံးသားအာဟာရ” စာအုပ်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်ရုံး လူထု အခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ပွင့်သာမြေစာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club )အသင်းမှ အတွင်းရေးမှူး အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးကျော်စိုး က စာဖတ်လေ့လာဖတ်ရှုခြင်းဖြင့် ဉာဏ်ရည် ဉာဏ်သွေး ဖွံ့ဖြိုးစေပြီး လူမှုပတ်ဝန်းကျင်တွင် ကြုံတွေ့ရသော အခက်အခဲများကို မှန်ကန်သော ဉာဏ်ပညာ၊ ဆင်ခြင်တုံ တရားဖြင့် လွယ်ကူစွာ ဖြေရှင်းသွားနိုင်မည်ဖြစ်ကြောင်း၊ စာအုပ်စာပေ လူ့မိတ်ဆွေဟူသော ဆောင်ပုဒ်နှင့်အညီ လူသားတိုင်း အတွက် အကောင်းဆုံးသော အပေါင်းအသင်းမိတ်ဆွေသည် စာအုပ်စာစောင်များပင် ဖြစ်ကြောင်း ၊ စာပေ အသိပညာကြွယ်ဝပါက အကောင်းအဆိုး ဝေဖန်ပိုင်းခြားတတ်စေမည်ဖြစ်၍ အားလပ်ချိန် များတွင် မိမိအတွက် အကျိုးရှိစေမည့် စာပေလေ့လာဖတ်ရှုခြင်းကို ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က စာရေးဆရာဖေမြင့် ရေးသားသည့် “ နှလုံးသား အာဟာရ” ရသစာအုပ်တွင် ပါရှိသော စာပေ သိမှတ်ဖွယ်ရာများကို ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့် ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး၍ မိမိတို့ လေ့လာဖတ်ရှုထားသော စာပေ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )