ဆော မတ် ၃၁
ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ဆောမြို့ အ-ထ-ကကျောင်း ရွှေရတုဆောင်၌ ပြည်ပမှ ပြန်လာသူများ ယာယီ နေထိုင်လျက်ရှိသော (Facility Quaratine) နေရာများနှင့် လူစည်ကားရာနေရာတို့တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထင်လင်း ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ ကြီးကြပ်လျက် မြို့နယ် ကျန်းမာရေးဌာန၊ မြို့နယ်မီးသတ်၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ ဆောမြို့နယ် (COVID-19) ကာကွယ်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးအဖွဲ့တို့နှင့်အတူ ပြည်ပမှ ပြန်လာသူများ ယာယီ နေထိုင်လျက် ရှိသော (Facility Quaratine)နေရာများနှင့် လူစည်ကားရာ နေရာများဖြစ်သည့် မြန်မာ့ စီးပွားရေးဘဏ်၊ ကားဂိတ်များ၊ တည်းခိုခန်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ မော်တော် ယာဉ်များကို ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့အပြင် မြို့မစျေးအတွင်းသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပိုးသတ်ဆေးဖြန်းခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)