ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများအား ထင်းများဖြန့်ဝေပေး

ပွင့်ဖြူ မတ် ၃၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်တောပြုန်းတီးမှု လျော့နည်း ကျဆင်းစေရန်နှင့် ပြည်သူများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ထိန်းသိမ်းခဲ့သော သဘာဝတော ထိန်းဧရိယာနှင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ထိန်းသိမ်းခဲ့သော သဘာဝတောထိန်းဧရိယာများမှ ထွက်ရှိသော ထင်းများ အား ကျေးရွာနေပြည်သူများထံ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် ဆင်လူးကျေးရွာနှင့် အင်းကုန်းကျေးရွာအနီးရှိ သဘာဝတောထိန်းဧရိယာစိုက်ခင်းများ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကျေးလက်နေပြည်သူများအနေဖြင့် မိမိနိုင်ငံနှင့် မိမိမြို့ရွာ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် သစ်တော သစ်ပင်များကို တန်ဖိုးထားထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း၊ ယခု သက်ဆိုင်ရာဌာနမှ ကျေးရွာနေပြည်သူများအတွက် လိုအပ်သော ထင်းများကို ထောက်ပံ့ပေးခြင်းသည် မြို့နယ်အတွင်း သစ်တောပြုန်းတီးမှုများ လျော့နည်းကျဆင်း စေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ကာ ရာသီဉတုပြောင်းလဲမှုများကြောင့် ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ် များ မဖြစ်ပွားစေရေးအတွက် ရည်ရွယ်ပြီး သဘာဝတောထိန်းဧရိယာများ စနစ်တကျ ပြုစုထိန်းသိမ်း၍ ထွက်ရှိလာသော ထင်းများကို ဖြန့်ဝေပေးခြင်းဖြစ်ပါကြောင်း၊ သစ်တောသစ်ပင်များကို စည်းကမ်းမဲ့ ခုတ်လှဲခြင်းများ မပြုလုပ်ကြရန်နှင့် ဝိုင်းဝန်းပူးပေါင်း ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သွားကြရန် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးဇော်ထွန်းက သဘာဝ တောများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရခြင်း၏ ရည်ရွယ်ချက်နှင့် ရရှိစေမည့်အကျိုးကျေးဇူးများ၊ ဓမ္မတာ မျိုးဆက် ခြင်း ဆိုင်ရာလုပ်ငန်းများအကြောင်းနှင့် ထင်းဖြန့်ဝေပေးရခြင်း၏ ရည်ရွယ်ချက်များကို ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၊ မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ထွန်းနှင့် တာဝန်ရှိသူများက ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ထိန်းသိမ်းခဲ့သော ပွင့်ဖြူမြို့နယ် မြောင်းဦး ကြိုးပြင်တောအတွင်းရှိ သဘာဝတောထိန်းဧရိယာ ဓမ္မတာမျိုးဆက်ခြင်း(စတုတ္ထနှစ်) ဧက ၁၀၀ မှ ထွက်ရှိသော ထင်း ၅ ဒသမ ၉၄ တန်အား ပွင့်ဖြူမြို့နယ် ဆင်လူးကျေးရွာမှ ဒေသခံအိမ်ထောင်စု (၁၀)စု ထံသို့ လည်းကောင်း ၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ထိန်းသိမ်းခဲ့သော သဘာဝတောထိန်းဧရိယာ ဓမ္မတာမျိုးဆက်ခြင်း(ပထမနှစ်) ဧက ၁၀၀ မှ ထွက်ရှိသော ထင်း ၅ ဒသမ ၇၀ တန်အား ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု ၊ အင်းကုန်းကျေးရွာမှ ဒေသခံအိမ်ထောင်စု (၁၀) စု ထံသို့ လည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက  ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)