မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများသိရှိနိုင်ရန် ညွန်ကြားချက်များ အသိပညာပေးနှိုးဆော်

မောင်တော ဖေဖော်ဝါရီ ၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ညွန်ကြားချက်များအား ယမန်နေ့ ညနေပိုင်း မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော် ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးတင်စော ဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အသိပညာပေး နှိုးဆော်ပေးရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု မခံစေရေးအတွက် တစ်ဦးချင်းစီက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လိုက်နာဆောင်ရွက်ရမည့် ညွန်ကြားချက်များနှင့်အညီ နေအိမ်ပြင်ပသို့ ထွက်လျှင် နှာခေါင်းစည်းတပ်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ နှာချေ၊ ချောင်းဆိုးသည့်အခါပါးစပ်နှင့် နှာခေါင်းကို လုံခြုံအောင် ဖုံးအုပ်ခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ကွာကွာနေခြင်း၊ တစ်ရှူးအသုံးပြုပါက အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ခြင်း၊ မလိုအပ်ဘဲ အပြင်သို့ မထွက်ကြပါရန်၊ မိမိတွင် ကိုဗစ်-၁၉ ရောဂါသံသယ ရှိလျှင်သော်လည်းကောင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရ ခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်း စသည့် လက္ခဏာများ ဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက် ပြသကြရန်လိုအပ်ကြောင်း စသည့် အချက်များပါဝင်သော ညွှန်ကြားချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ နိုင်ရန်အတွက် မြို့မနာရီစင်ခွဆုံ၊ မြို့မဈေးကြီးရှေ့၊ ဝိမလရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ ကညင်တန်းရပ်ကွက်၊ ဆွမ်းအုပ်ခွဆုံအနီး စသည့် နေရာများတွင် လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး