ကျိုက်ဒုံ ဖေဖော်ဝါရီ ၁၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှ ယနေ့နံနက် ၈ နာရီက ကျိုက်ဒုံမြို့မစျေးအတွင်း၌ စျေးရောင်းစျေးဝယ်နေကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲအိုမီခရွန်(Omicron) ရောဂါပိုးများကို သတိပြုကာကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ကြရန်၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ ဆိုးကြရန်၊ မိမိတို့၏ နေအိမ်ပြတင်းပေါက်များကို ဖွင့်ထားကြရန်၊ လက်ကို စက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ တတ်နိုင်သမျှ အိမ်မှာနေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ မိမိကိုယ်မိမိ သံသယ လက္ခဏာခံစားရလျှင် နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်စေရေးအတွက် ကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက် ခံယူကြရန် စသည့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)