ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇ‌ပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ပွင့်ဖြူ ဖေဖော်ဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြုမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း မျိုးကွဲသစ်အိုမီခရွန် (Omicron)ရောဂါပိုးသည် ကူးစက်နှုန်း လျင်မြန်သော ရောဂါပိုးတစ်မျိုးဖြစ်သဖြင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို စနစ်တကျ လိုက်နာကြရန် အသိပညာပေး တိုက်တွန်းနှိုးဆော်ခြင်းကို ယနေ့ မွန်းလွဲ (၁)နာရီခွဲအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပွင့်ဖြူမြို့နယ်အတွင်းရှိ‌ ပိန္နဲတောကျေးရွာသို့ သွားရောက်ပြီး Hand Speaker ဖြင့် အသိပညာပေး နှိုးဆော် ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း (Omicron)အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် များပြားလာခြင်း၊ မိမိတို့မြို့နယ်တွင်လည်း ကိုဗစ်-၁၉ ကူးစက်မှုများ ဖြစ်ပွားနေသည့်အတွက် ပြည်သူများ အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရန်၊ နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံခြင်းကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံမှုရှိစေရန် ပြည်သူများအနေဖြင့် မပျက်မကွက် အကြိမ်ရေပြည့်မီစွာ ထိုးနှံကြပါရန် စသည့် အသိပညာပေးလုပ်ငန်းများကို လှည့်လည်အသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခင်ဝါဝါလှိုင်