တောင်ငူမြို့၌ ကိုဗစ် - ၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

တောင်ငူ ဖေဖော်ဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တောင်ငူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာအချက်များကို ယမန်နေ့နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပေးနှိုးဆော် ခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းကျဆင်းလာသည်မှာ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ကူညီပံ့ပိုးမှုများအပြင် ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှု ကောင်းမွန်ခြင်းတို့၏ ရလဒ်ပင်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ကူးစက်ပျံ့နှံ့မှု ရက်ပိုင်းအတွင်းမှာပင် နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်းနှင့်အတူ အာဆီယံနိုင်ငံ တစ်ခုဆီသို့ ရောက်ရှိလာပြီဖြစ်ရာ မိမိတို့နိုင်ငံနှင့် နီးကပ်လာလျက်ရှိနေပြီဖြစ်ကြောင်း၊ ကိုဗစ် - ၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက်ကာကွယ် တားဆီး နိုင်ရေး သတိပြုကြရမည်ဖြစ်သော်လည်း ကြောက်စရာမဟုတ်ပါကြောင်း၊ မိဘပြည်သူများအနေနှင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲမသွားလာခြင်း၊ ပြင်ပ ထွက်တိုင်း နှာခေါင်စည်း (Mask) တပ်ခြင်း၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ခြင်း စသည့် စည်းမျဉ်း၊ စည်းကမ်းများအား ဆက်လက်လိုက်နာကျင့်သုံးသွားကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်