တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ရန်ကုန် ဖေဖော်ဝါရီ ၁၈

ယခုအခါတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ကိုဗစ်-၁၉ ရောဂါသည် မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်အဖြစ် ပြန်လည်ကူးစက်မှုနှုန်း မြင့်တက်လာခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင်လည်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ လူအသွားအလာများသည့် နေရာများဖြစ်သည့် တာမွေဗလီလမ်းဆုံ၊ တာမွေ(ယာယီ)စျေးရှေ့၊ ကျောက်မြောင်းလမ်းဆုံ၊ ကျိုက္ကဆံလမ်းနှင့် လမ်းဆက်လမ်း လမ်းဆုံနေရာ၊ မအူကုန်းလမ်းမကြီးတစ်လျှောက်၊ ဗညားဒလ လမ်းမကြီးတစ်လျှောက်၊ ကျားကွက်သစ်လမ်းမကြီးနှင့် သမိန်ဗရမ်းလမ်းမကြီး တစ်လျှောက် အစရှိသည့် နေရာများတွင် အသံချံ့စက်ဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ အသိပညာပေး နှိုးဆော်ရာတွင် " မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်မခံရစေရန်အတွက် အတတ်နိုင်ဆုံး မဖြစ်မနေ မိမိအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိတို့နေအိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြရန်၊ မိမိတို့အနေဖြင့်လည်း အခြားသူများထံ သွားရောက်ခြင်း မပြုလုပ်ကြရန်၊ နေအိမ်မှ ပြင်ပသို့ မဖြစ်မနေ သွားလာရမည်ဆိုပါကလည်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)တပ်ရန်၊ အရာဝတ္ထုတစ်ခုခုကို ထိတွေ့ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံး စက္ကန့်(၂၀)ကြာ ဆေးကြောကြရန်၊ လက်ကို ဆေးကြောခြင်း မပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ မိမိတို့နေအိမ်တွင် လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်များ ဖွင့်ထားကြရန်၊ လူတစ်ဦးနှင့် တစ်ဦး (၆)ပေအကွာမှ ပြောဆိုနေထိုင် ဆက်ဆံကြရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့် တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များကို အိမ်အပြင်တွင် စွန့်ပစ်ကြရန်၊ အပြင်က ပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့် အနီးကပ် မထိတွေ့ကြရန်၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများအနေဖြင့် အမြန်ဆုံးထိုးနှံကြရန် " စသည်ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်နှင့် ပတ်သက်၍ မြို့နယ်အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းများကို နေ့စဉ် နံနက်ပိုင်းနှင့် ညနေပိုင်း အချိန်များတွင် တစ်ရက်လျှင် နှစ်ကြိမ်ဖြင့် အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်နှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် အချက်များကို အမျိုးသားရေးအသွင်အဖြစ် မှတ်ယူပြီး တိကျစွာလိုက်နာခြင်းဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီက အသိပေး နှိုးဆော်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်