သဘာဝတောကျန် ထိန်းသိမ်းကာကွယ်ခြင်း ဓမ္မတာမျိုးဆက်ခြင်းတို့မှ ထွက်ရှိသော ထင်း(၁၅.၆၈) တန်ကို ကျေးရွာနေပြည်သူများအား အခမဲ့ ပေးအပ်

စလင်း မတ် ၃၁

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စလင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာနမှ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းအရှေ့ကြိုးဝိုင်းအမှတ် (၄၂/၄၃) (၁၀၀ဧက) မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (တတိယနှစ်) အတွက် ထင်း(၁၅.၆၈)တန်ကို ကျွန်းချောင်းကျေးရွာနှင့် ညောင်ဇင်ကျေးရွာရှိ ဒေသခံပြည်သူ များအား ယမန်နေ့ညနေ‌ ၃ နာရီအချိန်က မဲချ၍ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးအပ်ရာတွင် မင်းဘူးခရိုင်၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းအေးနှင့်အတူ စလင်းမြို့နယ် လွှတ်တော်ကိုယ်စား လှယ်ရုံးမှ ဦးဖိုးကျော်တို့က ကျွန်းချောင်းကျေးရွာရှိ အိမ်ထောင်စု ၂၀၀ မှ အိမ်ထောင်စု ၁၄ အိမ်အတွက် ထင်း(၈.၅၅)တန်အား အခမဲ့ဖြန့်ဝေပေးခြင်း၊ ၎င်းနောက် အရှေ့ကြိုးဝိုင်းအမှတ် (၄၂/၄၃)မှ ညောင်ဇင်ကျေးရွာရှိ အိမ်ထောင်စု ၁၇၀ မှ ၁၈ အိမ် အတွက် (၇.၁၃)တန်အား အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွန့်ဆွေ၊ တောအုပ် ဦးလှထွန်းနိုင်နှင့် လွှတ်တော်ကိုယ်စားလှယ်ရုံးမှ ဦးဖိုးကျော်တို့က ညောင်ဇင်ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ ထင်းများ ပေးအပ်ခဲ့ကြသည်။

ယင်းပေးအပ်ပွဲတွင် ဦးစီးအရာရှိ ဦးညွန့်ဆွေက "စလင်းမြို့နယ်အတွင်းရှိ အကွက် အမှတ်(၄၂)မှ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် တတိယအကြိမ်အဖြစ် ကျွန်းချောင်းကျေးရွာအား ထင်း(၈.၅၅)တန်နှင့် ညောင်ဇင်ကျေးရွာကို အရှေ့ကြိုးဝိုင်း အကွက် အမှတ်(၄၂/၄၃)တို့မှ ထွက်ရှိသော ထင်း(၇.၁၃)တန်တို့အား သဘာဝတောကျန်ထိန်းသိမ်းကာကွယ်ခြင်း၊ ဓမ္မတာ မျိုးဆက်ခြင်းတို့မှ ထွက်ရှိသောထင်းတို့ကို ကျေးရွာနေပြည်သူများအား မဲချ၍အခမဲ့ ပေးအပ်ခဲ့ကြောင်း၊ ယခုထွက်ရှိ သော ထင်းများမှာ ပင်ပူးခွါခြင်း၊ သစ်ကိုင်းချိုင်ခြင်းနှင့် ငုတ်တတ်ချွန်ခြင်းတို့မှ ရရှိလာသော ထင်းများဖြစ်ကြောင်း မိမိတို့ဒေသရှိ သဘာဝသစ်တော များကို ထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် သစ်တောပြုန်းတီးမှု အန္တရာယ်ကာကွယ်ရေး တို့အတွက် ထင်းအစားထိုးလောင်စာများ အသုံးပြုကြရန်" တိုက်တွန်းပြောကြားခဲ့သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးက "ကျွန်တော်တို့ ကျွန်းချောင်းကျေးရွာမှ အိမ်ထောင်စု ၂၀၀ မှ အိမ်ထောင်စု ၁၄ အိမ်အတွက် ထင်းများကို နွားလှည်း၊ ထော်လာဂျီများဖြင့် လာရောက် ထုတ်ယူတာဖြစ်ကြောင်း၊ ကျေးရွာသူကျေးရွာသားများကလည်း သဘာဝ သစ်တောများ ပြုန်းတီးမှု မဖြစ်အောင်တတ်နိုင်သ၍ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးလျက် ရှိပါတယ်၊ အခုလိုထင်းတွေကို အခမဲ့ ဖြန့်ဝေပေးခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါကြောင်း၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက် ပြီး သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ဗဟုသုတ များ ဟောပြောပေးခဲ့တဲ့အတွက် ကျွန်းချောင်း ကျေးရွာသူကျေးရွာသားများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မောင်လွင်(ပြန်/ဆက်)