စစ်ကိုင်း ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ(၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာ ဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ပြည်တွင်းခရီးသွားများ စိတ်ဝင်စားတဲ့၊ ထင်ရှားတန်ခိုးကြီးတဲ့ ဘုရားပုထိုးစေတီများ ရှိတဲ့အပြင် ပြည်တွင်း/ပြည်ပ ခရီးသွား များ စိတ်ဝင်စားတဲ့ တောတောင် သဘာဝနဲ့ တိုင်းရင်းသားရိုး ရာဓလေ့များကို လေ့လာနိုင်တဲ့ ခရီးစဉ်နေရာတွေလည်း ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရီးစဉ်ဒေသများကို လာရောက် ကြတဲ့ ပြည်တွင်းခရီးသွားတွေရဲ့ ပုံရိပ်မှတဆင့် နိုင်ငံတကာခရီးသွားများကို ဆွဲဆောင်မှုပေးနိုင် မှာဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ အလွန်ကာလမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ပြည်တွင်းခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကနေ စတင်ကြရမှာ ဖြစ်ပါကြောင်း၊ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် အတူ ခရီးသွားပြည်သူများ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံ စိတ်ချရတဲ့ ဝန်ဆောင်မှုများပေးနိုင်ဖို့ ကြိုတင်ဆောင်ရွက် ထား ကြရန် လိုအပ်ပါကြောင်း၊ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်းရရှိပြီး ဝင်ငွေတိုးပွားလာခြင်းကြောင့် ဒေသခံတို့ရဲ့လူမူဘဝများ မြင့်မားလာစေ မှာ ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ဒေသ ဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အတွင်းရေး မှူး ဦးအောင်သူဦးမှ တိုင်းဒေသကြီးအတွင်း ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် ပေးထားမှုအခြေအနေ၊ ဇန်နဝါရီလအတွင်း တိုင်းဒေသကြီး ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၏ ခရီးသွားဝင်ရောက်မှုစာရင်း၊ ဇန်နဝါရီလအတွင်း မုံရွာလေဆိပ်သို့ ခရီးသည် ဦးရေဝင်/ထွက်မှုစာရင်းနှင့် ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်း လိုင်စင် အဆင့်တိုးမြှင့်ရန်နှင့် သက်တမ်းတိုးတင်ပြလျှောက်ထားလာခြင်း လုပ်ငန်းများ နှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြ ကြသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကျော်က တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြား ကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)