ကော့ကရိတ် ဖေဖေါ်ဝါရီ ၁၉
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ဒေသနေပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန်(omicron)ရောဂါပိုးများကို သတိပြုကာကြိုတင် ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတို့တွင် အသံချဲ့စက်ဖြင့် လှည့်လည် အသိ ပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါနေကြရန်၊ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ကြရန်၊ ချောင်း ဆိုးနှာချေလျှင် တံတောင်ဆစ် ကွေးနှင့် အုပ်၍ ဆိုးကြရန်၊မိမိတို့၏နေအိမ်ပြတင်းပေါက် များကိုဖွင့်ထားကြရန်၊ လက်ကိုစက္ကန့် (၂၀)ကြာဆေးကြောရန်၊တက်နိုင် သမျှ အိမ်မှာနေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ မိမိကိုယ်မိမိ သံသယ လက္ခဏာခံစားရလျှင် နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်စေရေးအတွက် ကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက် ခံယူကြရန်စသည့် အသိပညာပေး နှိုးဆော် မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်မျိုး၀င်း (ပြန်/ဆက်)