မုံရွာမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေးအသိပေးနှိုးဆော်၊ တစ်ခါသုံး Mask များ အခမဲ့ဖြန့်ဝေ

မုံရွာ ဖေဖော်ဝါရီ ၁၉

မုံရွာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်‌ရေးနှင့် ကုသရေးကော်မတီနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မုံရွာမြို့၊ မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည် အသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုးသည် မိမိတို့မြို့နယ်တွင်း ကူးစက်မှုများ ရှိလာပြီဖြစ်သဖြင့် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်မှာနေကြရန်၊ မ​ဖြစ်မနေ အပြင်ထွက်ရပါက အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များကို စနစ်တကျ တပ်ဆင်ကာ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စက္ကန့် (၂၀) ကြာ ဆေးကြောရန်၊ လူထူထပ်သော နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ ကာကွယ်ဆေးများ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှမ်းခြုံမှုရှိစေရန် ထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မပျက်မကွက် အကြိမ်အရေအတွက် ပြည့်မီစွာ ထိုးနှံ​ကြပါရန် အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြသည်။

ထို့နောက် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များအတွင်း သွားလာနေကြသူများနှင့် ဈေးများအတွင်း ဈေးရောင်းသူ၊ ဈေးဝယ်သူများအား တစ်ခါသုံး Mask များကို အခမဲ့လိုက်လံ ဝေငှ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)