မုံရွာ မတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ ဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် လူစီးအမြန်ရေယာဉ်များနှင့်ကုန်တင်ရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရန် ယခုဘဏ္ဍာရေးနှစ်အတွင်း တံစုန်းတန်ချိန် (၅၅)တန်ကို နှုတ်ပေးနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရေလမ်း သတ်မှတ်ရေး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းထံမှ သိရသည်။
“နှစ်စဉ်မြစ်ရေနည်းကာလအချိန်ဆို မြစ်ကြောင်းတစ်လျောက်မှာ တံစုန်းနှုတ်လုပ်ငန်းကို လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်၊ အခုနှစ်မှာလည်း ဖေဖော်ဝါရီလနဲ့ မတ်လအတွင်းမှာ နှစ်ပိုင်း ခွဲပြီး လုပ်ဆောင်ပေးခဲ့တာ ဖြစ်တယ်၊ အခုလုပ်ငန်းအားလုံးပြီးစီးပြီ ဖြစ်ပါတယ်၊ အခုနှစ် ရေနည်း ကာလက ခါတိုင်းနှစ်တွေလိုမဟုတ်ဘူး။ အခြေခံရေစစ်မျဉ်းအောက်မှာ ဖြစ်နေတဲ့အတွက် တစ်ချို့ တစုန်းတွေဆို မြစ်ကမ်းအနီးမှာ ဖြစ်တော့ တစုန်းနှုတ်ယာဉ် ကပ်လို့မရလို့ အခက်အခဲ တော့ ရှိခဲ့တယ်၊ ဒါပေမဲ့ သတ်မှတ်ကာလအပြီးတော့ လုပ်ဆောင်နိုင်ခဲ့ပါတယ်” ဟု စစ်ကိုင်း တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ( ရေလမ်း သတ်မှတ်ရေး) မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက ပြောသည်။
ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် တံစုန်းနှုတ်ခြင်းလုပ်ငန်းကို မုံရွာမြို့နယ်မှ မော်လိုက်မြို့နယ် အထိကို အပိုင်း(၁)အဖြစ် ဖေဖော်ဝါရီလအတွင်းကလည်းကောင်း၊ မော်လိုက်မြို့နယ်မှ ဟုမ္မလင်း မြို့နယ်အထိကို အပိုင်း(၂)အဖြစ် မတ်လအကုန် အထိလည်းကောင်း အမှတ်(၂) တစုန်းနှုတ် ရေယာဉ်ဖြင့် နှုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ဝင်းဦး(ဇေယျာတိုင်း)