ပိုင်ကျုံ ဖေဖော်ဝါရီ ၂၁
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ သွားရေးလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ မဲသပုံ-ကွီးကျယ် ရေတံခွန်ထိ ရွာချင်းဆက်မြေလမ်း (၂)မိုင်အား ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းကို နို၀င်ဘာလ ၂၁ရက်နေ့တွင် စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ရာနှုန်းပြည့် ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယင်းလမ်းသည် ပိုင်ကျုံမြို့ ထန်းတပင်ကျေးရွာအုပ်စုအတွင်းရှိ ထန်းတပင်ကျေးရွာ-မဲသပုံ ကျေးရွာ-ကွီးကျယ်ကျေးရွာမှ ကွီးကျယ်ရေတံခွန်သို့ဆက်သွယ် ထားသည့်လမ်းဖြစ်ပြီး အရှည် ၂မိုင်ရှိ မြေသားလမ်းအား ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပထမ၆လပတ်အတွင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် (၅၁၅.၂၀၀)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းလမ်းခင်းခြင်းကို ဘောနော်ထူးကုမ္ပဏီမှ တာ၀န်ယူ ဆောင်ရွက်ပြီး လုပ်ငန်းများ အချိန်မီပြီးနိုင်ရေးအတွက် ကရင်ပြည်နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာ၀န်ရှိ သူတို့က အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ပြီးစီးမှုကြောင့် ပိုင်ကျုံမြို့အတွင်းရှိ ဒေသခံပြည်သူများ အနေဖြင့် ဥတုသုံးပါးလုံး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယခင်ကထက် ပိုမိုလွယ်ကူ အဆင်ပြေလာပြီဖြစ်ကြောင်း သိရသည်။
စောဂျိုးဇက်ဂျူး