ပိုင်ကျုံ ဖေဖော်ဝါရီ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင် စေရန်နှင့်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှစတင်၍ ယနေ့တိုင်ထိုးနှံပေးနေဆဲ ဖြစ်ကြောင်းသိရသည်။
ပိုင်ကျုံမြို့အတွင်းရှိ သံဃာတော်များ၊ အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် နိုင်ငံ့ ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များကို ဦးစားပေး အစီအစဉ်ဖြင့် ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသော မြို့နှင့် အလှမ်းဝေးသော ကျေးရွာများသို့ ယမန်နေ့ စတင်၍ ကွင်းဆင်းထိုးနှံပေးခဲ့ပြီး ပထမရက်တွင် ပိုင်ကျုံမြို့ အ.ထ.က ပေါင်ကျောင်း၌ လူဦးရေ(၂၄၉)ဦး ထိုးနှံပေး နိုင်ခဲ့ကြောင်း၊ ယနေ့တွင်ရွှေပြည်ကုန်းကျေးရွာအုပ်စု နောင်ဘိုကြီးကျေးရွာသို့ ဆက်လက်ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများတို့က ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ပိုင်ကျုံမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာမှ မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စောဂျိုးဇက်ဂျူး