တာမွေမြို့နယ်တွင် ပါးစပ်/နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်စေရေး အသိပညာပေးလှုပ်ရှားမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ရန်ကုန်  ဖေဖော်ဝါရီ  ၂၁

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီစျေးများနှင့် ကုန်စည်ပွဲရုံများဌာန၏ စီစဉ်မှုဖြင့်  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်အတွင်းရှိ လူစည်ကားရာစျေးများ၊ ကားမှတ်တိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံလမ်းခွများနှင့် လူအသွားအလာများသည့် နေရာများတွင် ပါးစပ်/နှာခေါင်းစည်း ( Mask )များနှင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron)နှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှု မရှိစေရေးအတွက် ပါးစပ်/နှာခေါင်းစည်း ( Mask ) စနစ်တကျ တပ်ဆင်စေရေး အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှုမရှိစေရေး အသိပညာပေး လှုပ်ရှားမှုဆောင်ရွက်ရာ၌ စျေးရောင်းချနေသူများ၊ စျေးလာရောက်ဝယ်ယူကြသူများ၊ လမ်းသွား၊ လမ်းလာများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများအား စျေးရောင်း / စျေးဝယ် ပြုလုပ် ကြရာတွင်  နှာခေါင်းစည်း ( Mask ) နှင့် မျက်နှာကာ (Face shield)များ တပ်ဆင်ပြီးမှ စျေးရောင်း/ စျေးဝယ် ပြုလုပ်ကြရန်၊ နေအိမ်ပြင်ပမှ ပြန်လာသည့် အခါတိုင်းနှင့် အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်း လက်ကိုလက်သန့်ဆေးရည်(သို့)လက်ဆေးဆပ်ပြာနှင့် စက္ကန့် (၂၀) ကြာ စနစ်တကျ ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာမှ ပြောဆိုဆက်ဆံမှုများ ပြုလုပ်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ နေထိုင်သွားလာစားသောက်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသေးသူများအား အမြန်ဆုံးကာကွယ်ဆေးထိုးနှံကြရန် အသိပညာပေးနှိုးဆော် ခဲ့ကြကြောင်းလည်း သိရသည်။

"ယခုလို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ နှာခေါင်းစည်း ( Mask )များ အခမဲ့ ဖြန့်ဝေပေးတဲ့ အတွက်ရော၊ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron)နှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အချက်တွေကို အသိပညာပေးတဲ့အတွက်ရော ကျေးဇူးအများကြီးတင်ရှိ ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့လည်း နောက်တစ်ကြိမ် ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်း မဖြစ်ပွားစေရေးအတွက် အပြင်သွားတဲ့အခါတိုင်း နှာခေါင်းစည်း ( Mask )ကို စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြဖို့နဲ့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်တွေကို တိတိကျကျ လိုက်နာကြဖို့ကိုလည်း ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်” ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဘက်စုံထောင့်စုံမှ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ မြို့နယ် အတွင်းရှိ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာသည့်အခါ ပါးစပ် / နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်မှုများ လျော့နည်းလာသည့်အတွက် ယခုလို မြို့နယ် အတွင်းရှိ စျေးများနှင့် လူအသွားအလာများသည့် နေရာများတွင် ပါးစပ်/နှာခေါင်းစည်း ( Mask ) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရသည်။

နိုင်လင်းအောင်(တာမွေ)