ဘားအံ ဖေဖော်ဝါရီ ၂၁
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စာရင်းစစ်ရုံးတို့ ပူးပေါင်း၍ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ကရင်ပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်က မိမိတို့ဌာနဝန်ထမ်းများအနေဖြင့် ဌာန ဖွဲ့စည်းပုံတိုးချဲ့လာသည်နှင့် တပြိုင်နက် ရာထူး တာဝန်များလည်း တိုးပြီး ထမ်းဆောင်လာရပါကြောင်း၊ မြို့နယ်များတွင်လည်း ဦးစီးအရာရှိများခန့်ထား တာဝန်ပေးလာပြီဖြစ်သည့်အတွက် ဘဏ္ဍာရန်ပုံငွေ ရငွေ၊ ပေးငွေများကို စနစ်တကျ သုံးစွဲတတ်ရန် လိုအပ်ပါကြောင်းနှင့် ရရှိလာမည့် ဘဏ္ဍာငွေများကို အမှား အယွင်းနည်းစွာ အသုံးပြုနိုင်ရေးအတွက် သင်တန်းတွင် ထိထိရောက်ရောက် လေ့လာသင်ယူကြရန် လိုအပ်ပါကြောင်း အဖွင့်အမှာစကားပြောကြား ပြီးနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက သင်တန်းဖွင့်လှစ်မှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဘားအံခရိုင်စာရင်းစစ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မြင့်ကြည်က ယခု သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား ငွေစာရင်းထိန်းသိမ်းနည်းအပြင် အသုံးစရိတ်သုံးစွဲရာတွင် လိုအပ်ချက်များ၊ အသုံးစရိတ်ပြေစာများ ပြုစုခြင်း၊ ချက်လက်မှတ် သုံးစွဲနည်း၊ ဌစစာရင်းရေးသွင်းနည်း၊ ရသစ-၆ ရေးသွင်းနည်း၊ ငွေစာရင်းခေါင်းစဉ်များ မှန်ကန်စွာသုံးစွဲရေး အကြောင်းအရာများကို ရရှိသည့်သင်တန်းချိန် အတွင်း သင်ခန်းစာများ ပို့ချခြင်းအပြင် ဆွေးနွေးခြင်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
အဆိုပါငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ဘားအံခရိုင်အတွင်းရှိ ဘားအံခရိုင်ရုံး၊ လှိုင်းဘွဲ မြို့နယ်ရုံး၊ ပိုင်ကျုံမြို့ရုံး၊ ရှမ်းရွာသစ်မြို့ရုံးများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး သံတောင်ကြီးမြို့နယ်ရုံး၊ လိပ်သိုမြို့ရုံး၊ ဘောဂလိမြို့ရုံးများမှ အရာထမ်း၊ အမှုထမ်းများက Zoom Application ဖြင့် သင်တန်းတက်ရောက်ခဲ့ကြောင်းနှင့် ၎င်းသင်တန်းကို ဖေဖော်ဝါရီ(၂၁) ရက်မှ (၂၃)ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)