ပဲခူး ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ဗီပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက လူစည်ကားရာ လမ်းဆုံလမ်းခွ နေရာများတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေး နှိုးဆော်ရာတွင် လက်ရှိအခြေအနေ၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါသည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှု အများဆုံးနှင့် စိုးရိမ်ရသည့် မျိုးကွဲသစ်ဖြစ်သည့်အတွက် ပဲခူးမြို့နယ်အတွင်း ဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ အနေဖြင့် အတတ်နိုင်ဆုံး မိမိတို့၏နေအိမ်အတွင်းမှာသာ နေထိုင်ကြပါရန်၊ လူစုလူဝေးကို ရှောင်ကြဉ်ကြရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင် သွားလာကြရန်၊ လက်ကို မကြာခဏဆေးကြောသန့်စင်ရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာ နေကြပါရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံ ခြင်းများ၊ စကားပြောဆိုခြင်းများ ရှောင်ကြဉ်ကြပါရန်၊ ပစ္စည်းတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် ၂၀ ကြာအောင် စနစ်တကျ လက်ဆေးပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ် ကိုင်တွယ်ခြင်း၊ ထိတွေ့ခြင်းများ မပြုလုပ်ရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများကိုရှောင်ပါ၊ မိမိတို့၏ နေအိမ်များကို ပြတင်းတံခါးများဖွင့်ထားပြီး လေဝင်လေထွက် ကောင်းအောင်ပြုလုပ်ကြပါရန်စသည့် လိုက်နာရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)