ကျွန်းလှ မတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး၊ ကုသမှု ဆောင်ရွက်နိုင်ရေး အတွက် (၁၄)ရက် အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုရန် စီစဉ်ပေးထားကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
မတ်(၃၀) ရက်နေ့အထိ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား ပြည်သူ့ဆေးရုံတွင်(၁)ဦး၊ သီတဂူ တက္ကသိုလ်တွင်(၂၄)ဦး၊ ညောင်ကိုင်းကျေးရွာ အ−ထ−ကတွင်(၂၆)ဦး၊ မကျီးကုန်းကျေးရွာ အ−မ−ကတွင်(၂)ဦး၊ ကြာတကန်ကျေးရွာ စာကြည့်တိုက်တွင်(၁)ဦး၊ စုစုပေါင်း(၅၄)ဦးကို အသွားအလာ ကန့်သတ်စောင့်ကြည့်ပေးပြီး ကျန်းမာရေးစစ်ဆေးခြင်း၊ အစားအသောက်များ စီစဉ်ပေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် မြို့ဝင်ပေါက်ဂိတ်များ၊ ရထားဆင်း ခရီးသည်များအား အပူချိန်တိုင်း ကိရိယာဖြင့် တိုင်းတာစစ်ဆေးခြင်း၊ ကျန်းမာရေး ပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခြင်းတို့ကို လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီများ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ စေတနာ့ ဝန်ထမ်း လူငယ်မောင်မယ်များ ပူးပေါင်းပြီး တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
မျိုးဝင်းညို (ကျွန်းလှ)