ဆိပ်ကြီးခနောင်တို ဖေဖော်ဝါရီ ၂၂
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်နေ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ ဗဟုသုတတိုးပွားရရှိစေရေး အစဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လည် ၁ နာရီက အမှတ်(၄) အခြေခံပညာ မူလတန်းကျောင်းမှ တတိယတန်းကျောင်းသား၊ ကျောင်းသူကလေးများအား ဉာဏ်ရည်ထက်မြက်စေရန်နှင့် ပျော်ရွှင် စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ ပြုလုပ်ပေးခဲ့သည်။
ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်သိင်္ဂီပြည့်ဖြိုးက ပြိုင်ပွဲ ပြုလုပ်ပေးရခြင်း အကြောင်းအရင်းကို ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲကို ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံး ပုံပြင်ပြောနိုင်သူ ကျောင်းသားနှစ်ဦးနှင့် ကျောင်းသူတစ်ဦးကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက အမှတ်တရဆုများ ချီးမြှင့်ပေးခဲ့သည်။
ယင်းနောက် မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် စာကြည့်တိုက်မှူးက ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ရုပ်ပုံကြည့် ပုံပြောပြခြင်းနှင့် ရုပ်/သံကျွမ်းကျင်(၃) ဝန်ထမ်းက စက္ကူအရုပ်ခေါက်နည်းသင်ကြား ပြသပေးခဲ့ကြောင်း သိရသည်။
ဝေယံ(IPRD)