သာယာဝတီမြို့တွင် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား သီးခြားနေထိုင် စောင့်ကြည့်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

သာယာဝတီ မတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သာယာဝတီမြို့တွင် COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးနှင့် ထိန်းချုပ်ကုသနိုင်စေရေးတွက် ပြည်ပနိုင်ငံများမှ မြို့နယ်သို့ ပြန်လည်ရောက်ရှိလာသူများအား Quarantine (၁၄) ရက်တာ သီးခြားနေထိုင် စောင့်ကြည့်နိုင်ရန် အ.ထ.က(၁) သာယာဝတီနှင့် အ.ထ.က(သုံးဆယ်) ကျောင်းများ၌ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ (၁၄) ရက်ကြာ သီးခြားလာရောက်နေထိုင်သူများအတွက် ကျန်းမာရေး၊ လုံခြုံရေးနှင့် နေထိုင် စားသောက်နိုင်ရေးတို့ကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး COVID-19 ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာ ရှိ/မရှိ စောင့်ကြပ်စစ်ဆေးလျက်ရှိသည်။ 

စောင့်ကြည့်နေရာများ၌ ပြည်ပနိုင်ငံများမှ မြို့နယ်အတွင်းသို့ ပြန်လည်ရောက်ရှိလာသူ လက်ရှိ စာရင်းအရ အ.ထ.က (၁) သာယာဝတီတွင် ၂၇ ဦးနှင့် အ.ထ.က(သုံးဆယ်)တွင် ၃၇ ဦး စုစုပေါင်း (၆၄)ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

သန့်ဇော်(ပြန်/ဆက်)