ကော့ကရိတ် ဖေဖော်ဝါရီ ၂၃
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ဓါတ်မြေဩဇာ ဈေးနှုန်းများ မြင့်တက်နေသည့်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ များအနေဖြင့် ဓါတ်မြေဩဇာကို သုံးစွဲမည့်အစား ဈေးနှုန်းသက်သာသည့် ငါးအမိုင်နှိုအက်ဆစ် သဘာဝအပင် အားတိုးဆေးရည်များကို ပြုလုပ် သုံးစွဲတတ်စေ ရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် သဘာဝအပင်များ အားတိုး ဆေးရည်လက်တွေ့ပြုလုပ်နည်း သင်တန်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကော့ကရိတ်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး နန်းအေးမာလှိုင်က သဘာဝအပင်များ အားတိုးဆေး ရည်လက်တွေ့ပြုလုပ်နည်း သင်တန်းဖွင့်လှစ်ရခြင်း ၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူးမှ သင်တန်းသူ/ သား (၈)ဦးတို့ အား ငါးအမိုင်နို အက်ဆစ် ပြုလုပ်နည်းများကို လက်တွေ့သရုပ်ပြသခဲ့ပြီး အဆိုပါသင်တန်းကို ဖေဖော်ဝါရီ (၂၃)ရက်နေ့ တစ်ရက်တာ သင်တန်းဖွင့်လှစ်ပို့ချသွားမည် ဖြစ် ကြောင်း သိရသည်။
ငါးအမိုင်နိုအက်ဆစ် ပြုလုပ်တော့မယ်ဆိုရင် ငါးသေးသေးလေးလဲရတယ်။ ငါးအကြီးဆိုရင်တော့ အမှီးတို့ခေါင်းတို့ ဝမ်းတွင်းကလီစာတိုနဲ့ ပြုလုပ်လို့ရပါတယ်။ငါးတစ်ပိဿာဆိုရင် ထန်းညှက်၊ ကြံသကာနဲ့ သကြားညှိတို့ကို အသုံးပြုလို့လဲရနိုင်ပါတယ်။ထန်းညှက်ကိုတော့ ရေနှစ်လီတာနှုန်းဖြင့် ကျိုပြီးတော့ ပြန်လည် အအေးခံရပါမယ်။ အေးသွားမှဘဲ ငါးနဲ့ ထန်းညှက်ကို ရောမွှေရမယ်။ (EM) ရရင်တော့ (EM)ထည့်လို့ရတာပေါ့။(EM)မရှိရင်တော့ မထည့်လို့လဲရပါတယ်။ (EM)ထည့်ရတဲ့ အကြောင်းရင်းကတော့ အာဟာရဓါတ်အနေနဲ့တော့ ဘာမှကွာခြားမရှိပေမဲ့ ဆွေးမြေ့မှုကို မြန်ဆန် စေပါတယ်။ငါးရယ်၊ (EM)ရယ်၊ ထန်းညှက် ရည်တို့ကို ရောမွှေပြီးတော့ စဉ့်အိုးနဲ့လည်းရတယ်။ ပလပ်စတစ်ကော်ပုံးတို့နဲ့လည်း ထည့်ထားလို့ရပါတယ်။ ထည့်တဲ့ပစ္စည်းတွေကိုတော့ သုံးပုံမှာ နှစ်ပုံ ဘဲ ထည့်ရပါမယ်။ တစ်ပုံကတော့ လေဟာနယ်အဖြစ် ထားရပါမယ်။ ငါးဟာ ဂက်စ်ထွက်တဲ့အတွက် ဓါတ်ပြုဖို့ နေရာချန်ထားပေးရပါတယ်။ ယခုလို ပြုလုပ်ပြီး ပြီဆိုရင် အရိပ်ရတဲ့နေရာနဲ့ အေးတဲ့နေရာတွေမှာ ထားရပါမယ်။ တစ်နေ့ကို တစ်ကြိမ် ဖွင့်ပြီးတော့ မွှေပေးရပါမယ်။ ပူအိုက်တဲ့ ရာသီတွေမှာ (၃)ပတ်နဲ့ ဆွေးမြေ့ ပေမဲ့ အေးတဲ့ရာသီမှာတော့ (၁)လလောက်မှ ဆွေးမြေ့ပါတယ်။ ကောင်းစွာ ဆွေးမြေ့ပြီးဆိုရင် သူ့ကိုမွှေပြီးတော့ အရည်ကို စစ်ယူရပါတယ်။ ငါးအမိုင်နို အက်ဆစ်တစ်ဇွန်းကို ရေတစ်ဂါလံနဲ့ ရောပြီးတော့ အရွက်တွေနဲ့ မြေကြီးတွေကို လောင်းလို့ရပါတယ်။ ငါးအမိုင်နို အက်ဆစ်နဲ့ အပင်နဲ့ အရွက်တွေကို လောင်းမယ်ဆိုရင်တော့ မနက်အချိန်မှာ လောင်းတာ ပိုကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ အပင်တွေကို နှိုးဆွပေးတဲ့ အတွက်ကြောင့်ပါ။ အဲ့ဒီငါးအမိုင်နို အက်ဆစ်ကိုတော့ အပင်ပေါက်ကနေစပြီးတော့ အပင်ကြီးတဲ့ လောင်းလို့ရပါတယ်။အပင်တွေ အပွင့်ပွင့်တဲ့အချိန်တို့မှာ လောင်းလိုမရပါဘူး။အပွင့်ပွင့်တဲ့အချိန် မှာ လောင်းလိုက်မယ်ဆိုရင် အပွင့်တွေ ကြွေသွားတဲ့အတွက် အသီးသီးတော့မှာ မဟုတ်ပါဘူး။ဓါတ်မြေဩဇာသုံးစွဲတဲ့ တောင်သူတွေ အနဲ့ ငါးအမိုင်နို အက်ဆစ် ဟာ ပုလဲဓါတ်မြေဩဇာနဲ့ ဆင်တူပါတယ်။ပုလဲဓါတ်မြေဩဇာကို သုံးစွဲတဲ့ တောင်သူများအနေနဲ့ ငါးအမိုင်နိုအက်ဆစ်ကို အစားထိုးအသုံးပြုနိုင်ပါတယ်။ ယခု အချိန်မှာ ဓါတ်မြေဩဇာတွေ ဈေးနှုန်းမြှင့်တက်နေတဲ့အချိန်မှာ ကျွန်မတို့ ငါးအမိုင်နိုအက်ဆစ် သဘာဝအပင် အားတိုးဆေးကို ပြုလုပ်သုံးစွဲခြင်းဖြင့် ကုန်ကျ စရိတ်သက်သာပြီး၊ ကျန်းမာရေးအနေနဲ့ သဘာဝ ပစ္စည်းတွေဖြစ်တဲ့အတွက် အော်ဂဲနစ်ဟင်းသီးဟင်းရွက်ကို စားသုံးရမှာ ဖြစ်သလို ကျန်းမာရေးကို လည်း အထောက်အကူဖြစ်စေပါတယ်။ ဓာတုဓါတ်မြေဩဇာတွေရဲ့ ဓါတုဓါတ်ကြွင်းလဲမဖြစ်တော့ပါဘူး။ တောင်သူများအနေနဲ့ သုံးစွဲဖို့ကို တိုက်တွန်းလိုပါတယ်ဟု သင်တန်းနည်းပြ နန်းအေးမာလှိုင်က ပြောကြားသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)